လတ်တလော လပိုင်းအတွင်း အာတိတ်စက်ဝိုင်းမှာ အပူချိန်မြင့်တက်မှုတွေ ထူးကဲစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။
Ko John

ကမ္ဘာ့အအေးဆုံး နေရာဖြစ်တဲ့ အာတိတ်စက်ဝိုင်းမှာ သမိုင်းတစ်လျှောက် အပူချိန် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အာတိတ်စက်ဝိုင်းရှိ ဆိုက်ဘေးရီးယား‌ဒေသမှ မြို့တစ်မြို့ဖြစ်တဲ့ Verkhoyansk မြို့မှာ စနေနေ့ (ဇွန် ၂၀ ရက်) က အပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ် (၁၀၀ ဒီဂရီဖာရင်ဟိုက်) သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ Verkhoyansk မြို့ဟာ ကမ္ဘာ့အအေးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဇွန် ၂၀ ရက်နေ့က အပူချိန် စံချိန်တင်မြင့်တက်ခဲ့မှုကို အတည်ပြုရန် လိုအပ်နေသေးပါတယ်။

သို့သော် Verkhoyansk မြို့ရဲ့ ထိုနေ့ အပူချိန်ဟာ ဇွန်လအတွင်း ပျမ်းမျှ အမြင့်ဆုံး နေ့စဥ် အပူချိန်ထက် ၁၈ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့တယ်လို့ ယူဆရပါတယ်။ အာတိတ်စက်ဝိုင်းမှာ ပူပြင်းတဲ့ နွေရာသီကာလမှ အပူချိန်မြင့်တက်လေ့ရှိပေမဲ့ လတ်တလော လပိုင်းအတွင်းမှာတော့ အပူချိန်မြင့်တက်မှုတွေ ထူးကဲစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။

လူဦးရေ ၁,၃၀၀ ခန့် နေထိုင်ကြတဲ့ Verkhoyansk မြို့ဟာ အာတိတ်စက်ဝိုင်းအတွင်း ဆိုက်ဘေးရီးယားနယ်မြေ အစွန်အဖျားမှာ တည်ရှိနေပါတယ်။ ထိုမြို့ဟာ ပြင်းထန်တဲ့ ရာသီဥတုရှိပြီး ဇန်နဝါရီလအတွင်း ပျမ်းမျှအပူချိန် အနုတ် ၄၂ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းလေ့ရှိပြီး ဇွန်လမှာတော့ အပူချိန်ဟာ ၂၀ ဒီဂရီဆဲလ်စီးယပ်သို့ ပြန်လည် မြင့်တက်လာတတ်ကြောင်း သိရပါတယ်။

သို့သော် ယခုနှစ်အတွင်း အာတိတ်စက်ဝိုင်းမှာ အပူလှိုင်း မကြာခဏ ကျရောက်မှုအပေါ် မိုးလေဝသပညာရှင်တွေက စိုးရိမ်ပူပန်နေခဲ့ကြပါတယ်။ မတ်၊ ဧပြီနဲ့ မေလအတွင်း အာတိတ်စက်ဝိုင်းရဲ့ ပျမ်းမျှအပူချိန်ဟာ ပုံမှန်ထက် ၁၀ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင် မြင့်တက်နေခဲ့ကြောင်း Copernicus Climate Change က ပြောခဲ့ပါတယ်။ ဇွန်လအစောပိုင်းမှာတော့ ဆိုက်ဘေးရီးယားရဲ့ နေရာဒေသတွေမှာ အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပါတယ်။

(Photo: AP)

မေလအတွင်းက အာတိတ်စက်ဝိုင်းအတွင်း ရုရှားနိုင်ငံရှိ Khatanga နယ်မြေမှာ အပူချိန် ၂၅.၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်လာခဲ့ပြီး မေလအတွက် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ "ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ပြီးတစ်နှစ် အပူချိန် စံချိန်သစ်တွေ ဖြစ်ပေါ်လာနေတယ်၊ ဒါပေမဲ့ ကမ္ဘာပေါ်က နေရာတိုင်းထက် အာတိတ်စက်ဝိုင်းက ပိုမိုလျင်မြန်စွာ ပူနွေးလာနေပါတယ်" ဘရစ္စတိုးလ်တက္ကသိုလ် (University of Bristol) မှ ကမ္ဘာ့လေထုသိပ္ပံဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Dann Mitchell က ပြောပါတယ်။ "ဒါကြောင့် ဒီဒေသမှာ အပူချိန် စံချိန်သစ်တွေ ဖြစ်လာတာက အံ့ဩစရာ မဟုတ်ပါဘူး၊ မဝေးတော့တဲ့ အနာဂတ်မှာ နောက်ထပ် ဒီလို အပူချိန် စံချိန်သစ်တွေကို ကျွန်တော်တို့ မြင်ရမှာပါ" လို့ ၎င်းကဆိုပါတယ်။


Author


က္က