ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုဟာ သမ္မတဂျိုကိုဝီရဲ့ ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဘက် ဖြစ်ပါတယ်။
Ko John

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်းရဲ့ ဒုတိယသက်တမ်းအတွက် အစိုးရအဖွဲ့သစ်ကို ယနေ့ (အောက်တိုဘာ ၂၃ ရက်) ထုတ်ပြန်လိုက်ရာ တစ်ဦးတည်သော ကာလရှည်ကြာ နိုင်ငံရေးပြိုင်ဘက်ဖြစ်သူနဲ့ အဓိက အတိုက်အခံခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တိုက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူသွားမယ်လို့ သိရပါတယ်။

(အတိုက်အခံခေါင်းဆောင် ဆူဘီယန်တို) (Photo: AFP)

ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုဟာ သမ္မတဂျိုကိုဝီရဲ့ ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဘက် အတိုက်အခံခေါင်းဆောင်အဖြစ် ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ထို့နောက် ယမန်နှစ် ရွေးကောက်ပွဲမှာလည်း ဆူဘီယန်တိုက ဂျိုကိုဝီရဲ့ အဓိက ပြိုင်ဘက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထပ်မံရှုံးနိမ့်ခဲ့ပြီး အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲပြီးနောက် ဆူဘီယန်တိုကို ထောက်ခံသူတွေက ဂျကာတာမြို့တော်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြရာမှ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ရဲတပ်ဖွဲ့နဲ့ ဆူပူအုံကြွသူများကြား နှစ်ညတိုင်တိုင် ထိပ်တိုက်တွေ့ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူကိုးဦးထက်မနည်း သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Gojek တည်ထောင်သူ အသက် ၃၅ နှစ်အရွယ် Nadiem Makarim) (Photo: Reuters)

သမ္မတနန်းတော်မှာ ယနေ့ မိတ်ဆက်လိုက်တဲ့ အင်ဒိုနီးရှားအစိုးရအဖွဲ့သစ်မှာ အသက် ၃၅ နှစ်အရွယ်သာရှိသေးပြီး အောင်မြင်တဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာကုမ္ပဏီ Gojek ကို တည်ထောင်ခဲ့သူ Nadiem Makarim ကို ပညာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးအဖြစ် ပါဝင်လာတာတွေ့ရပါတယ်။ စွမ်းအင်နဲ့သတ္တုရင်းမြစ်များဆိုင်ရာဝန်ကြီးအဖြစ် Arifin Tasrif ကို ဂျိုကိုဝီက ခန့်အပ်ခဲ့ပါတယ်။

သမ္မတဂျိုကိုဝီက စက်မှုဝန်ကြီးဟောင်း Airlangga Hartarto ကို စီးပွားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး စီးပွားရေးပညာရှင် Sri Mulyani Indrawati ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ Retno Marsudi ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း ဆက်လက်ခန့်ထားခဲ့ပါတယ်။

(သမ္မတဂျိုကိုဝီနှင့် ဒုတိယသမ္မတ မာရွတ်ဖ်အေမင်) (Photo: AFP)

ဂျိုကိုဝီရဲ့ အစိုးရအဖွဲ့မှာ ၂၀၁၄ ခုနှစ်ကတည်းက ပါဝင်ခဲ့သူ Retno Marsudi ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံး အင်ဒိုနီးရှားအမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။ ၎င်းရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်သူ Luhut Pandjaitan ကိုတော့ ပင်လယ်ရေကြောင်းကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် သမ္မတဂျိုကိုဝီက ဆက်လက်ထားရှိခဲ့ပါတယ်။ Luhut Pandjaitan ဟာ သဘာဝရင်းမြစ်များနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ကြီးကြပ်မှာဖြစ်ပါတယ်။

(အင်ဒိုနီးရှား အစိုးရအဖွဲ့သစ်) (Photo: AFP)

ဂျိုကိုဝီရဲ့ အစိုးရအဖွဲ့သစ်မှာ အီတလီစီးရီးအေဘောလုံးအသင်း အင်တာမီလန်ရဲ့ ပိုင်ရှင်ဟောင်းနဲ့ ၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ မီဒီယာထိပ်သီး Erick Thohir ကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။ အင်ဒိုနီးရှား အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးအသစ် သုံးဒါဇင်ကျော် ပါဝင်လာခဲ့ပြီး အများစုဟာ အမျိုးသားတွေဖြစ်ကြတာလည်း တွေ့ရပါတယ်။



က္က