ဇွန် ၉ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃၃,၀၀၀ ကျော်ရှိလာပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ယနေ့ (ဇွန် ၉ ရက်) နှောင်းပိုင်း တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ နေ့စဥ် COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိမှု စံချိန်တင် အများဆုံးဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(Photo: MediaCorp/CNA)

ယနေ့ ထုတ်ပြန်တဲ့စာရင်းအရ အင်ဒိုနီးရှားမှာ COVID-19 အတည်ပြုလူနာ နောက်ထပ် ၁,၀၄၃ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၃၃,၀၇၆ ဦး ဖြစ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 သေဆုံးသူဦးရေဟာလည်း ယနေ့ စာရင်းအရ ၄၀ ဦး ထပ်တိုးလာပြီး စုစုပေါင်း သေဆုံးသူ ၁,၉၂၃ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ Achmad Yurianto က ပြောပါတယ်။



လူဦးရေ ၂၆၇ သန်းကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှု ၂၈၁,၆၅၀ ခု ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ယမန်နေ့ (ဇွန် ၈ ရက်) အထိ ကိန်းဂဏန်းတွေအရ အင်ဒိုနီးရှားမှာ ပြန်လည်သက်သာတဲ့ COVID-19 လူနာ ၁၀,၉၀၄ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: MediaCorp/CNA)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်မှစပြီး COVID-19 ထိန်းချုပ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေကို အဆင့်လိုက် ရုပ်သိမ်းနေခဲ့ပြီး ဇွန် ၅ ရက်နေ့မှာ ဗလီများ ပြန်ဖွင့်ခဲ့ပါတယ်။ ထို့အတူ ဂျကာတာရှိ ဈေးဝယ်စင်တာများအတွင်းမှာ မဟုတ်တဲ့ စားသောက်ဆိုင်များနဲ့ ဈေးဆိုင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ဇွန် ၈ ရက်နေ့မှာ ပြန်လည် လုပ်ကိုင်ခဲ့ကြပါတယ်။

ရုံးများကိုလည်း ထိုနေ့မှာပင် ပြန်ဖွင့်ခဲ့ပြီး ဝန်ထမ်းဦးရေထက်ဝက်ကတော့ နေအိမ်ကနေ အလုပ်ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ထိုအတောအတွင်း ဈေးဝယ်စင်တာတွေကို လာမယ့် ဇွန် ၁၅ ရက်နေ့မှာလည်းကောင်း၊ အပန်းဖြေ ပန်းခြံတွေကို ဇွန် ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာလည်းကောင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သို့သော် အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနဲ့ နေ့ကလေးထိန်းဌာနတွေကိုတော့ ဆက်လက် ပိတ်ထားမယ်လို့ ဆိုပါတယ်။

(Photo: MediaCorp/CNA)

အင်ဒိုနီးရှားမှာ ပြည်တွင်းလေကြောင်းခရီးစဥ်တွေကို ယနေ့ ပြန်လည် စတင်ခွင့်ပြုခဲ့ပြီး လေကြောင်းလိုင်းတွေအနေနဲ့ လေကြောင်းခရီးစဥ် ၇၀ ရာခိုင်နှုန်းကို တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်းများဖြင့် ပျံသန်းခွင့်ပြုထားပါတယ်။ ခရီးသွားအားလုံးဟာ mask တပ်ရန်လိုအပ်ပြီး အချင်းချင်း ခပ်ခွာခွာနေရမှာဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း လတ်တလော ရရှိထားတဲ့ ကျန်းမာရေးထောက်ခံချက် ပြသရမယ်လို့ သိရပါတယ်။

Source: Reuters, CNA


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က