တစ်ရက်အတွင်း အတည်ပြုလူနာသစ် ၁,၂၄၁ ဦး တိုးလာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 လူနာအသစ် နေ့အလိုက် တွေ့ရှိရမှု ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် စံချိန်သစ်တင် မြင့်တက်လာခဲ့ပါတယ်။

အားလုံးကိုခြုံငုံကြည်ရင် ကိန်းဂဏန်းတွေက မြင့်တက်နေဆဲပါ


(Photo: Reuters)

ယနေ့ (ဇွန် ၁၀ ရက်) ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံသူ နောက်ထပ် ၁,၂၄၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း COVID-19 အတည်ပြု လူနာဦးရေ ၃၄,၃၁၆ ဦးအထိ ရှိလာခဲ့ပါတယ်။ ဇွန် ၉ ရက်နေ့ စာရင်းအရလည်း အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ နောက်ထပ် ၁,၀၄၃ ဦး တိုးလာခဲ့သေးပြီး နေ့အလိုက် လူနာသစ်တွေ့ရှိရမှု အများဆုံး စံချိန်တင်ထားခဲ့ပါတယ်။

ယနေ့မှာတော့ နေ့အလိုက် လူနာသစ်တွေ့ရှိရမှုဟာ ယမန်နေ့ကထက် ကျော်လွန်သွားခဲ့ပြီး အများဆုံးအဖြစ် ထပ်မံ စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် ၃၆ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၉၅၉ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ Achmad Yurianto က ပြောပါတယ်။

(Photo: AFP)

ထိုအတောအတွင်း COVID-19 ကနေ ပြန်လည်သက်သာလာသူ ၁၂,၁၂၉ ဦးရှိလာကြောင်းလည်း ၎င်းကဆိုပါတယ်။ လူဦးရေ ၂၆၇ သန်းကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမှု ၂၈၇,၄၇၀ ခု ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

"အားလုံးကိုခြုံငုံကြည်ရင် ကိန်းဂဏန်းတွေက မြင့်တက်နေဆဲပါ၊ ဒေသအလိုက် ကူးစက်ပျံ့နှံ့မှုကို ကြည့်မယ်ဆိုရင်တော့ ပြည်နယ်အများစုမှာ အခြေအနေ တည်ငြိမ်နေခဲ့ပါတယ်၊ အချို့ပြည်နယ်တွေမှာက အတည်ပြုလူနာနဲ့ ထိတွေ့မှုကို ပိုပြီး ပြင်းပြင်းထန်ထန် ခြေရာခံတာကြောင့်လည်း ကူးစက်ခံရသူ အသစ်တွေ့ရှိမှု မြင့်တက်နေတာ တွေ့ရပါတယ်" လို့ Achmad Yurianto က ရှင်းပြပါတယ်။

ကျွန်တော်တို အလုပ်မပြီးသေးပါဘူး၊ COVID-19 ခြိမ်းခြောက်မှုက ကြီးမားနေဆဲပါ

(Photo: AFP)

သီးခြားသတင်းတစ်ရပ်အရ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက COVID-19 လုပ်ငန်းအဖွဲ့နဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို ကူးစက်မှု ဒုတိယလှိုင်းကို သတိထားကြရန် နယ်မြေအချို့မှာ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်တာကို သတိပြုရန် ယ‌နေ့ ပြောပါတယ်။ "ကျွန်တော်တို အလုပ်မပြီးသေးပါဘူး၊ COVID-19 ခြိမ်းခြောက်မှုက ကြီးမားနေဆဲပါ" သမ္မတဂျိုကိုဝီက ပြောခဲ့ကြောင်း Antaranws သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာတော့ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့ကျလာခဲ့ပြီးနောက် လနဲ့ချီကြာတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့ သောကြာ‌‌နေ့ (ဇွန် ၅ ရက်) မှစပြီး အဆင့်လိုက် ရုပ်သိမ်းနေပါတယ်။ ဂျကာတာရှိ ဈေးဝယ်စင်တာများအတွင်းမှာ မဟုတ်တဲ့ စားသောက်ဆိုင်များနဲ့ ဈေးဆိုင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ဇွန် ၈ ရက်နေ့မှာ ပြန်လည် လုပ်ကိုင်ခဲ့ကြပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားမှာ ပြည်တွင်းလေကြောင်းခရီးစဥ်တွေကိုလည်း ဇွန် ၉ ရက်နေ့မှာ ပြန်လည် စတင်ခွင့်ပြုခဲ့ပြီး လေကြောင်းလိုင်းတွေအနေနဲ့ လေကြောင်းခရီးစဥ် ၇၀ ရာခိုင်နှုန်းကို တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်းများဖြင့် ပျံသန်းခွင့်ပြုထားပါတယ်။ ခရီးသွားအားလုံးဟာ mask တပ်ရန်လိုအပ်ပြီး အချင်းချင်း ခပ်ခွာခွာနေရမှာဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် မရှိကြောင်း လတ်တလော ရရှိထားတဲ့ ကျန်းမာရေးထောက်ခံချက် ပြသရမယ်လို့ သိရပါတယ်။

ဒေသအလိုက် ကူးစက်ပျံ့နှံ့မှုကို ကြည့်မယ်ဆိုရင်တော့ ပြည်နယ်အများစုမှာ အခြေအနေ တည်ငြိမ်နေခဲ့ပါတယ်

ရုံးများကိုလည်း ထိုနေ့မှာပင် ပြန်ဖွင့်ခဲ့ပြီး ဝန်ထမ်းဦးရေထက်ဝက်ကတော့ နေအိမ်ကနေ အလုပ်ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ထိုအတောအတွင်း ဈေးဝယ်စင်တာတွေကို လာမယ့် ဇွန် ၁၅ ရက်နေ့မှာလည်းကောင်း၊ အပန်းဖြေ ပန်းခြံတွေကို ဇွန် ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာလည်းကောင်း ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သို့သော် အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနဲ့ နေ့ကလေးထိန်းဌာနတွေကိုတော့ ဆက်လက် ပိတ်ထားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က