မြောက်ပိုင်းဆူမာတြားပြည်နယ် မီဒန်မြို့ရှိ ရဲစခန်းအပြင်ဘက်မှာ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပါတယ်။
Ko John

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမာတြားပြည်နယ် မီဒန်မြို့ရှိ ရဲတပ်ဖွဲ့စခန်းအပြင်ဘက်မှာ အသေခံ ဗုံးဖောက်ခွဲမှုတစ်ခု ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမား သေဆုံးပြီး ရဲအရာရှိအချို့ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Albert Damanik/AFP)

ယခု ဗုံးပေါက်ကွဲမှုဟာ လုံခြုံရေးဆိုင်ရာဝန်ကြီး ဓားဖြင့်တိုက်ခိုက်ခံရပြီး‌နောက် တစ်လအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ ကမ္ဘာ့မွတ်စလင်မ် လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားမှာ လတ်တလော နှစ်များအတွင်း ပြည်တွင်းစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

ရဲစခန်းအပြင်ဘက်မှာ ဗုံးပေါက်ကွဲမှုကြောင့် အသေခံဗုံးခွဲသမားအဖြစ် သံသယရှိသူ သေဆုံးခဲ့ပြီး ရဲအရာရှိအချို့ ဒဏ်ရာရခဲ့ကြောင်း မြောက်ပိုင်းဆူမာတြားရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Tatan Dirsan Atmaja က တယ်လီဖုန်းဖြင့် ပြောကြားပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၀ မိနစ်မှာ ဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: AFP/ATAR)

ကနဦး စစ်ဆေးမှုတွေအရ ဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိငါးဦးနဲ့ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် M Iqbal က Kompas TV ကို အတည်ပြုခဲ့ပါတယ်။ "ဒဏ်ရာရသူတွေက မစိုးရိမ်ရပါဘူး၊ ဒဏ်ရာမပြင်းပါဘူး၊ ရဲကားအချို့ ပျက်စီးခဲ့ပါတယ်၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့ Densus 88၊ မီဒန်ရဲတပ်ဖွဲ့နဲ့ မြောက်ပိုင်းဆူမာတြားပြည်နယ် ရဲတပ်ဖွဲ့တို့က အသေခံဗုံးခွဲသမားဟာ အကြမ်းဖက်ကွန်ရက်တစ်ခုခုနဲ့ ဆက်နွယ်နေသလားဆိုတာ ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်" လို့ M Iqbal က ဆိုပါတယ်။

(Photo: Istimewa)

ရုပ်သံသတင်း ထုတ်လွှင့်မှုအရ ရဲဌာနချုပ် အဆောက်အအုံအပြင်ဘက်ကို လူတွေ ပြေးထွက်လာကြတာ တွေ့ခဲ့ရပါတယ်။ "ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု ကြားခဲ့ရတယ်၊ ကျွန်တော်က အဲဒီနေရာကနေ ၆၅ ပေကျော်လောက်မှာ ရှိနေခဲ့တာပါ၊ ရဲတွေက ကျွန်တော်တို့ကို ချက်ချင်းပဲ လုံခြုံတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ကြတယ်" လို့ မျက်မြင်တစ်ဦးက Metro TV ကို ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ နောက်ထပ် ပြောခွင့်ရအမျိုးသား Dedi Prasetyo ရဲ့ အဆိုအရ ပေါက်ကွဲမှုဟာ ရဲစခန်းမှာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာလာယူသူတွေ တန်းစီးစောင့်ဆိုင်းနေကြတဲ့ နေရာအနီး ကားပါကင်တစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP/ATAR)

"ကျွန်တော်တို့ အသင့်အနေအထားနဲ့ တပ်လှန့်ထားပါတယ်၊ ပေါက်ကွဲမှုက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာပေးတဲ့နေရာကို မရောက်ခဲ့ပါဘူး၊ ကားပါကင်နေရာမှာပဲ ဖြစ်ခဲ့တာပါ၊ ဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ စစ်ဆေးမှုတွေလုပ်နေတုန်းပါ၊ ဗုံးကို အသေခံဖောက်ခွဲသူရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့အခါ ကျွန်တော်တို့ နောက်ထပ် ထုတ်ပြန်သွားမှာပါ" လို့ Prasetyo က ပြောပါတယ်။

(CCTV မှတ်တမ်းမှာတွေ့ရသည့် အသေခံဗုံးခွဲကြောင်း သံသယရှိသူ) (Photo: Kompas TV)

ထပ်မံသိရှိရတဲ့ သတင်းအရ ရဲစခန်းအပြင်ဘက်မှာ အသေခံဗုံးခွဲခဲ့ကြောင်း သံသယရှိပြီး သေဆုံးသွားသူဟာ တစ်ကိုယ်တော်တိုက်ခိုက်သူဖြစ်ကြောင်းနဲ့ ၎င်းရဲ့လက်ဗွေကို စစ်ဆေးမှုအရ မီဒန်မြို့မှာမွေးဖွားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲသူက တစ်ကိုယ်တော်တိုက်ခိုက်ခဲ့ကြောင်း ယူဆထားပေမဲ့ အကြမ်းဖက်စစ်သွေးကြွအုပ်စုတစ်ခုခုနဲ့ ဆက်နွယ်ခဲ့ခြင်းရှိ မရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရပါတယ်။




က္က