အင်ဒိုမှာ COVID-19 ကြောင့် တစ်ရက်အတွင်း သေဆုံးမှုနှုန်း အကြီးမားဆုံး မြင့်တက်လာခဲ့တာပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ COVID-19 ရောဂါကြောင့် နောက်ထပ် ၁၄ ဦး ယနေ့ (မတ်လ ၁၈ ရက်) သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် စုစုပေါင်း ၁၉ ဦးရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


(Photo: Reuters)




ယနေ့ သေဆုံးမှုဟာ အင်ဒိုမှာ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း သေဆုံးမှုနှုန်း အကြီးမားဆုံး မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ "မတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီအထိ သေဆုံးသူအရေအတွက် ၁၉ ဦးပါ" လို့ COVID-19 ကပ်ရောဂါအတွက် အစိုးရပြောခွင့်ရပုဂ္ဂိုလ် Achmad Yurianto က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အင်ဒိုမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေအနက် ၁၂ ဦးဟာ ဂျကာတာမြို့တော်မှာ ဖြစ်ပါတယ်။ ဘာလီ၊ ဘန်တန်၊ အနောက်ဂျာဗား၊ အရှေ့ဂျာဗားနဲ့ မြောက်ပိုင်းဆူမာတြားတို့မှာလည်း တစ်ဦးစီ သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ နောက်နှစ်ဦးကတော့ ဂျာဗားအလယ်ပိုင်းမှဖြစ်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Reuters)

မတ်လ ၁၈ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၇ ဦး စစ်ဆေးအတည်ပြုထားပြီး ၁၁ ဦး ပြန်လည်သက်သာခဲ့တယ်လို့ Yurianto က ဆိုပါတယ်။ အင်ဒိုမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုတွေ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ အာဏာပိုင်တွေက ဗိုင်းရပ်စ်သံသယရှိသူတွေနဲ့ ကိုယ်တိုင်းစစ်ဆေးလိုသူတွေကို ရှာဖွေနေကြကြောင်း ၎င်းကပြောပါတယ်။

"အခုအချိန်မှာ ကျွန်တော်တို့က ဗိုင်းရပ်စ်ကူးစက်ခံ လူနာအရေအတွက် မြင့်တက်လာမယ့် အဆင့်ကိုရောက်နေပါတယ်၊ ဧပြီလထဲမှာ ရလဒ်တွေကိုသိရပြီး ကျွန်တော်တို့ အခြေအနေကို ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဒါပေမဲ့ အခုကတော့ ဗိုင်းရပ်စ်ကူးစက်မှုက မြင့်တက်နေပါတယ်" လို့ Yurianto က ပြောပါတယ်။(Photo: Twitter/@ArifinPribadi)

အင်ဒိုမှာ ပုဂ္ဂလိကဆေးရုံသုံးခုက COVID-19 လူနာတွေကို ကုသမှုနေရာအဖြစ် ပြင်ဆင်ပေးထားကြောင်းလည်း သိရပါတယ်။ ထိုပုဂ္ဂလိကဆေးရုံတွေအနက် နှစ်ခုဟာ ဂျကာတာမှာဖြစ်ပြီး အခြားတစ်ခုကတော့ အနောက်ဂျာဗားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား အစိုးရက COVID-19 အတွက် အမြန်စစ်ဆေးတဲ့ ကိရိယာတွေကို အသုံးပြုရန် စဥ်းစားနေကြောင်းနဲ့ လက်ရှိမှာ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဓာတ်ခွဲခန်းတွေကို ဗိုင်းရပ်စ်စစ်ဆေးရန် တာဝန်ပေးထားကြောင်း Yurianto က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၈ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀,၃၄၉ ဦးနဲ့ သေဆုံးသူ ၈,၁၆၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က