သင်္ဘောတစ်စီးပေါ်မှာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး မီးလောင်ခဲ့ပါတယ်။
Ko John

အင်ဒိုနီးရှား ရေနံတင်သင်္ဘောတစ်စီးပေါ်မှာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး မီးလောင်ခဲ့မှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ပွားပြီး နောက်တစ်ရက်မှာ ရေနံတင်သင်္ဘောပေါ်ကနေ မီးလောင်ကျွမ်းထားတဲ့ လူခုနစ်ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ယနေ့ (မေ ၁၂ ရက်) ပြောပါတယ်။ ယခုဖြစ်ရပ်ကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ယမန်နေ့ (မေ ၁၁ ရက်) က မြောက်ပိုင်းဆူမာတြားရှိ ဘီလာဝမ် (Belawan) ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အရှည် ၈၂၀ ပေရှိ Jag Leela ရေနံတင်သင်္ဘောပေါ်မှာ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ သင်္ဘောပေါ်မှာ ဒါဇင်နဲ့ချီ အရေအတွက်ရှိ သင်္ဘောသားများ ပိတ်မိခဲ့ကြောင်းနဲ့ ယခု အလောင်းတွေ့ရှိရတဲ့ သေဆုံးသူတွေဟာ ပိတ်မိနေခဲ့တဲ့ သင်္ဘောသားတွေထဲမှဖြစ်ကြောင်း သိရပါတယ်။

(Photo: AFP)

မီးသတ်သမားတွေက သင်္ဘောမီးလောင်မှုကို နာရီအတန်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ရေနံတင်သင်္ဘောဟာ ပြုပြင်ရန်အတွက် ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ "သေဆုံးခဲ့သူတွေက မီးလောင်မှုအတွင်း ပိတ်မိခဲ့ကြသူတွေပါ၊ သူတို့ ထွက်လို့မရနိုင်ခဲ့ကြဘူး" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောခွင့်ပုဂ္ဂိုလ် MP Nainggolan က ပြောပါတယ်။

လက်ရှိမှာ ရှာဖွေတွေ့ရှိထားတဲ့ အလောင်းတွေဟာ ဆိုးရွားစွာ မီးလောင်ကျွမ်းနေတာကြောင့် DNA စစ်ဆေးနေပြီး သင်္ဘောသားအချို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရေနံတင်သင်္ဘော ပေါက်ကွဲမီးလောင်မှုအတွင်း အနည်းဆုံး လူ ၂၂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ


က္က