တစ်ရက်အတွင်း ကူးစက်ခံရသူ နောက်ထပ် ၃,၆၂၂ ဦး တိုးလာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ယနေ့ (စက်တင်ဘာ ၃ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၃,၆၂၂ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ထို့အတူ အင်ဒိုနီးရှား COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း နောက်ထပ် ၁၃၄ ဦး တိုးလာခဲ့ပြီး ဇူလိုင် ၂၂ ရက်နောက်ပိုင်း တစ်ရက်အတွင်း အမြင့်ဆုံးသေဆုံးမှု ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ ၁၈၄,၂၆၈ ဦးနဲ့ သေဆုံးသူ ၇,၇၅၀ ဦးရှိလာခဲ့ပါတယ်။



အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်ပြီး ကူးစက်မှုမှာတော့ ဖိလစ်ပိုင်ပြီးလျှင် ဒုတိယအများဆုံး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ကူးစက်မှုအသစ် အမြင့်ဆုံး နေရာတွေအဖြစ် ဂျကာတာမှာ ၁,၃၅၉ ဦး၊ အရှေ့ဂျာဗားမှာ ၃၇၇ ဦး၊ အလယ်ပိုင်းဂျာဗားမှာ ၂၄၂ ဦး တိုးလာခဲ့သလို အနောက်ဂျာဗားနဲ့ ဘာလီမှာလည်း ၂၃၈ ဦးနဲ့ ၁၇၄ ဦး တိုးလာခဲ့ကြောင်း Antara သတင်းဌာနက တရားဝင် အချက်အလက်ကို ကိုးကားဖော်ပြပါတယ်။

(Photo: P. J. Leo/Jakarta Post)

ယနေ့ ထုတ်ပြန်မှုအရ အင်ဒိုနီးရှားမှာ ကူးစက်မှုအသစ် မတွေ့ရှိရတဲ့ တစ်ခုတည်းသော နေရာကတော့ ဂျမ်ဘီ (Jambi) ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ ယခုနောက်ဆုံး အဓိက COVID-19 ကူးစက်ဖြစ်ပွားမှုအဖြစ် အရှေ့ဂျာဗားရှိ အစ္စလာမ်မစ် စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသား ၆၆၄ ဦး ကူးစက်ခံရမှု တွေ့ရှိခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေ ပြန်ဖွင့်ခဲ့ရာမှ ယခု ကူးစက်မှုအစုအဝေးကို တွေ့ရှိလာရတာလည်း ဖြစ်ပါတယ်။ Darussalam Blokagung ကျောင်းမှာ ကျောင်းသူကျောင်းသား ၆,၀၀၀ ခန့်ကို နှစ်ပတ်ကြာ အသွားအလာကန့်သတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (စက်တင်ဘာ ၁ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: AFP)

စာသင်ကျောင်းမှာတွေ့ရတဲ့ ကူးစက်ခံရသူ အများစုဟာ ရောဂါမပြင်းထန်သူ သို့မဟုတ် ရောဂါလက္ခဏာမပြသူတွေ ဖြစ်ပါတယ်။ သို့သော် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကတော့ ထိုစာသင်ကျောင်း သွားရောက်မှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ အင်ဒိုနီးရှားမှာ COVID-19 လူနာ ၂,၀၈၄ ဦး ဆေးရုံဆင်းခွင့်ရခဲ့ပြီး စုစုပေါင်း ကပ်ရောဂါကနေ ပြန်လည်သက်သာလာသူ ၁၃၂,၀၅၅ ရှိပြီဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ကုသမှုခံယူနေရပြီး သီးခြားခွဲထားသူ ၄၄,၄၆၃ ဦးရှိနေဆဲဖြစ်ပြီး သံသယလူနာ ၈၄,၀၇၁ ဦး ကျန်းမာရေးတာဝန်ရှိသူတွေက စောင့်ကြည့်နေကြောင်း သိရပါတယ်။ လူဦးရေ သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး ကူးစက်မှု စတင်တွေ့ရှိခဲ့ရတဲ့ မတ်လမှစပြီး လက်ရှိအချိန်အထိ လူဦးရေ ၁.၃ သန်းကျော်ကို COVID-19 စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

Source: CNA, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က