ဆူလာဝေစီကျွန်းမှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ရုတ်တရက် ရေကြီးမှုများမှုအတွင်း ရာနဲ့ချီ အရေအတွက်ရှိ နေအိမ်တွေ ရွှံ့နွံထဲ နစ်မြုပ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၁၄ ရက်) ပြောပါတယ်။

(Photo: Indonesian Red Cross/Twitter)

ဆူလာဝေစီကျွန်းရှိ North Luwu နယ်မြေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်သုံးစင်း မြစ်ရေလျှံတက်ပြီး ရေကြီးမှုနဲ့ ရွှံ့နွံများကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်တယ်လို့ ဆူလာဝေစီကျွန်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဆိုပါတယ်။



"ဒီနေ့ မွန်းလွဲပိုင်းအထိ ဒေသခံတွေဆီကနေ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ပျောက်ဆုံးနေတယ်လို့ အကြောင်းကြာားမှုတွေ လက်ခံရရှိထားပါတယ်၊ စုစုပေါင်းဆိုရင် လူဦးရေ သုံးဒါဇင် ပျောက်နေပါတယ်" North Luwu သဘာဝဘေးအန္တရာယ်လျော့ပါးရေးနဲ့ ကယ်ဆယ်ရေးဌာန အကြီးအကဲ Muslim Muchsin က ပြောပါတယ်။

(Photo: AFP)

ရေကြီးမှုအတွင်း အစိုးရရုံးများ အပါအဝင် အဆောက်အအုံ ရာနဲ့ချီပြီး သုံးပေမှ ငါးပေအထိနက်တဲ့ ရွှံ့နွံများ ဖုံးလွှမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ "အဝေးကနေကြည့်ရင် အိမ်ခေါင်မိုးတွေကိုပဲ မြင်နိုင်တယ်၊ အခု လမ်းမတွေပေါ်မှာ ဖုံးလွှမ်းနေတဲ့ အမှိုက်တွေကိုရှင်းဖို့ လုပ်နေပါတယ်၊ ဒါမှပဲ ရေကြီးမှုဖြစ်တဲ့ နေရာတွေကို သယ်ယူပို့ဆောင်ရေးတွေ လုပ်လို့ရမှာပါ" လို့ Muslim Muchsin က ဆိုပါတယ်။

ရေကြီးမှုကြောင့် North Luwu မှာ ဒေသခံ ၂,၀၀၀ အထိကို ယာယီ ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားခဲ့ကြောင်း သက်ဆိုင်ရာဌာနက ပြောပါတယ်။ ရေကြီးမှုတွေနဲ့ ရွှံ့နွံတွေကြောင့် ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေရာမှာ နှောင့်နှေးမှုများ ဖြစ်နေစေခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူအလောင်း ၁၆ လောင်းကို ယနေ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ North Luwu အုပ်ချုပ်ရေးမှူး Putri Indriani က အတည်ပြုခဲ့ပါတယ်။

(Photo: AFP)

"နောက်ဆုံး အချက်အလက်တွေအရ အနည်းဆုံး လူ ၂၃ ယောက် ပျောက်နေပါတယ်၊ ဒါပေမဲ့ တချို့ ကျေးရွာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်သေးတော့ အရေအတွက်က တိုးလာနိုင်ပါသေးတယ်" လို့ Putri Indriani က ပြောပါတယ်။ သူမရဲ့ရုံးဟာလည်း ရွှံ့နွံများ ဖုံးလွှမ်းသွားခဲ့တယ်လို့ Putri Indriani က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တစ်ဝိုက်မှာလည်း ယခုနှစ် အစောပိုင်းက စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ မိုးရာသီကာလအတွင်း ရေကြီးမှုတွေ ပုံမှန်ကြုံရလေ့ရှိကြောင်း AFP သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရေကြီးမှုအခြေအနေ

မြန်မာနိုင်ငံမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ဂွေ့ကြီးကျွန်းကျေးရွာမှာ နေအိမ်တချို့မှ မိသားစုများ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပါတယ်။ လတ်တလောမှ မြစ်ကမ်းနံဘေးရှိ အိမ်ခြေငါးခုခန့်ရှိ မိသားစုတွေ ရွှေ့ပြောင်းထားပြီး မြစ်ရေ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ နောက်တစ်ရက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာကြောင့် ကြိုတင်ပြင်ဆင်မှုအဖြစ် ကသာမြို့ရှိ ကုန်းမြင့်တွေပေါ်မှာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့နဲ့ အားကစားရုံတွေမှာလည်း ယာယီ နေရာချထားပေးရန် ပြင်ဆင်ထားတယ်လို့ ကသာမြို့ မီးသတ်ဦးစီးအရာရှိ ဦးအောင်ဖြိုးသူက Duwun ကို ပြောပါတယ်။

(Photo: Myanmar Fire Services Department)

မြန်မာနိုင်ငံမှာ ဇူလိုင်(၁၈)ရက်နေ့ နောက်ပိုင်းမှစပြီး မုတ်သုံလေအားကောင်းကာ မိုးရွာသွန်းမှုဟာ ယခုထက်ပိုလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်‌။ မိုးများလာနိုင်တဲ့ အတွက် မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာနိုင်ပြီး တစ်နိုင်ငံလုံး ရေကြီးမှု အန္တရာယ်ကို သတိပြုဖို့ လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။ ဇူလိုင်လအတွင်းပုံမှန်မိုးရေချိန် မရရှိသေးတဲ့ ယခုအချိန်မှာပင် မြစ်ရေမြင့်တက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်းမှာ မြစ်ရေ မြင့်တက်နေမှုတွေရှိနေပြီး မိုးဆက်တိုက်ရွာသွန်းနေပါက စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ မိုးဦးကာလမှာ မိုးရွာသွန်းမှု နောက်ကျခဲ့တာကြောင့် ယခုနောက်ပိုင်းကာလတွေမှာ မိုးများလာနိုင်ပြီး မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။ 

(နောက်ဆက်တွဲသတင်းနဲ့ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က