လူ ၁,၃၀၀ နီးပါး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပြီး အများစုက ရောဂါလက္ခဏ မပြကြပါဘူး။
Ko John

COVID-19 ကူးစက်မှုထိန်းချုပ်ရေး ရုန်းကန်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံရှိ စစ်တက္ကသိုလ်တစ်ခုမှာ လူဦးရေ ၁,၃၀၀ နီးပါး ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားရဲ့ လူဦးရေအထူထပ်ဆုံး အနောက်ဂျာဗားပြည်နယ်ရှိ Indonesian Army Officer Candidate School မှာ လူ ၃၀ ကို အသွားအလာကန့်သတ်ပြီး မပြင်းထန်တဲ့ ရောဂါလက္ခဏဦများနဲ့အတူ ကနဦး ဆေးရုံတင်ခဲ့ကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Andika Perkasa က စနေနေ့ (ဇူလိုင် ၁၁ ရက်) နှောင်းပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

စစ်တက္ကသိုလ်မှာ လူဦးရေ ၁,၂၈၀ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုထားပြီး ၎င်းတို့အနက် ၉၉၁ ဦးဟာ အရာရှိလောင်းတွေဖြစ်ကြပြီး ကျန်ကူးစက်ခံရသူတွေကတော့ ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များဖြစ်ကြောင်း ၎င်းကပြောပါတယ်။ အင်ဒိုနီးရှား စစ်တက္ကသိုလ်မှာတွေ့ရတဲ့ COVID-19 ကူးစက်ခံထားရသူ အများစု ရောဂါလက္ခဏာ မပြကြဘူးလို့လည်း ဆိုပါတယ်။

(Photo: AFP)

ဇူလိုင် ၁၁ ရက်နေ့အထိ ကူးစက်ခံရသူ ၁၇ ဦးကို ဆေးရုံတင်ထားရဆဲ ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အရာရှိလောင်းနှစ်ဦးဟာ ကိုယ်ပူပြီး နောက်ကျော နာကျင်မှုကြောင့် ဆေးခန်းသွားရောက်ပြသခဲ့ရာမှ COVID-19 ကူးစက်ခံထားရကြောင်း ပထမဆုံး စစ်ဆေးတွေ့ရှိခဲရတာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးထံမှာ COVID-19 တွေ့ရပြီးနောက် စစ်တက္ကသိုလ်မှာ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခု စစ်တက္ကသိုလ်မှာ ဝန်ထမ်းနဲ့ စစ်ပညာသင်ကြားနေတဲ့ အရာရှိလောင်း စုစုပေါင်း ၂,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အရာရှိလောင်းတွေဟာ COVID-19 မည်သို့ ကူးစက်ခံခဲ့ရကြောင်းကို အတိအကျ မသိရသေးဘူးလို့ ဗိုလ်ချုပ်ကြီး Andika Perkasa က ပြောပါတယ်။ သို့သော် ဝန်ထမ်းအချို့ကတော့ စစ်တက္ကသိုလ်ဝင်း ပြင်ပနေရာတွေမှာ နေထိုင်ကြကြောင်း သိရပါတယ်။

(Photo: Jakarta Post/Asian News Network)

အနောက်ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးက COVID-19 ကူးစက်ဖြစ်ပွားမှုအတွက် တောင်းပန်ခဲ့ပြီး ဒေသခံတွေအနေနဲ့ ကူးစက်မှုထိန်းချုပ်နိုင်ချိန်အထိ စစ်တက္ကသိုလ်တည်ရှိတဲ့ နေရာအနီး ဝင်ထွက်သွားလာခြင်းကို ဆင်ခြင်ကြရန် တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ဇူလိုင် ၁၂ ရက်အထိ ကိန်းဂဏန်းတွေအရ ကူးစက်ခံရသူ ၇၅,၆၉၉ ဦး၊ သေဆုံးသူ ၃,၆၀၆ ဦးနဲ့ ပြန်လည်သက်သာသူ ၃၅,၆၃၈ ဦး ရှိခဲ့ပါတယ်။ သို့သော် ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားမှာ ကူးစက်မှုနဲ့ သေဆုံးမှုဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

(Photo: AFP)

လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) စစ်ဆေးမှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်နေခြင်းက ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အမှန်တစ်ကယ် အတိုင်းအတာကို လျှော့တွက်ရာရောက်နေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ရန် လတ်တလော တိုက်တွန်းထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က