သံသယရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပါတယ်။

ဂျာဗားကျွန်းပေါ်ရှိ မြို့ငယ်တစ်မြို့ကိုသွားရောက်စဉ် အင်ဒိုနီးရှား လုံခြုံရေးဆိုင်ရာဝန်ကြီး ဝီရန်တို ဓားဖြင့်တိုက်ခိုက်ခံရပြီး ၎င်းနဲ့ အခြားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

(အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဝီရန်တို) (Photo: AP)

ဝန်ကြီးဝီရန်တိုဟာ Banten ပြည်နယ် Pandeglang မြို့ငယ်မှာ ယနေ့ (အောက်တိုဘာ ၁၀ ရက်) ဓားဖြင့်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှတ်တမ်းအရ ဝန်ကြီးဟာ ဓားဖြင့်တိုက်ခိုက်ခံရပြီးနောက် ၎င်းရဲ့ကားဘေး မြေပြင်ပေါ်သို့ လဲကျသွားခဲ့တာ တွေ့ရပါတယ်။



လုံခြုံရေးအရာရှိတွေက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လုံးထွေးသတ်ပုတ်ပြီး ဖမ်းဆီးခဲ့တာကိုလည်း တွေ့ခဲ့ရကြောင်း CNA သတင်းက ပြောပါတယ်။ "တစ်စုံတစ်ယောက်က သူ့အနားကို ချဉ်းကပ်လာပြီး တိုက်ခိုက်ခဲ့တာပါ၊ လက်ရှိအချိန်မှာတော့ Banten ရဲတပ်ဖွဲ့က အမျိုးသားကို အိုင်အက်စ်အစွန်းရောက်လို့ သံသယရှိထားပြီး အမျိုးသမီးကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်" လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Dedi Prasetyo က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

(Photo: AFP)

ဝန်ကြီးဝီရန်တိုဟာ ၎င်းရဲ့ဝမ်းဗိုက်မှာ အတန်ငယ်နက်တဲ့ ဓားဒဏ်ရာနှစ်ချက်ရခဲ့ပေမဲ့ သတိရှိနေခဲ့ပြီး အခြေအနေ တည်ငြိမ်ကြောင်း Berkah ဆေးရုံမှ ပြောခွင့်ရအမျိုးသား Firmansyah က ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဝန်ကြီးကို ဂျကာတာမြို့သို့ ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်းခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ဓားဖြင့်တိုက်ခိုက်မှုအတွင်း အခြား ဒဏ်ရာရသူသုံးဦးမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲနဲ့ လက်ထောက်နှစ်ဦးတို့ဖြစ်ပြီး အသက်အန္တရာယ်မရှိတဲ့ ဒဏ်ရာများဖြစ်တယ်လို့ Berkah ဆေးရုံက ထုတ်ပြန်ပါတယ်။ အသက် ၇၂ နှစ်အရွယ် ဝီရန်တိုဟာ ထိုဒေသရှိ တက္ကသိုလ်တစ်ခုမှာ အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းရဲ့ကားထဲမှထွက်ပြီး စောင့်ဆိုင်းနေသူတွေကို နှုတ်ဆက်နေစဉ် ဓားဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း Banten ရဲတပ်ဖွဲ့အကြီးအကဲ Tomsi Tohir က ပြောပါတယ်။

(Photo: Straits Times)

မွန်းလွဲပိုင်းဝန်းကျင်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း Banten ရဲတပ်ဖွဲ့အကြီးအကဲ Tomsi Tohir က ပြောပါတယ်။ အင်ဒိုနီးရှားဝန်ကြီးကို ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူတွေဟာ အသက် ၃၁ နှစ်အရွယ် Syahril Alamsyah အမည်ရှိ အမျိုးသားနဲ့ အသက် ၂၁ နှစ်အရွယ် Fitri Andriana ဆိုသူ အမျိုးသမီးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးထံမှ ဓားများနဲ့ ကတ်ကြေးများ အပါအဝင် ချွန်ထက်တဲ့လက်နက်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးဟာ အိုင်အက်စ်နဲ့ဆက်နွယ်နေတဲ့ အင်ဒိုနီးရှားအခြေစိုက် Jamaah Ansharut Daulah (JAD) အုပ်စုမှ အဖွဲ့ဝင်တွေဖြစ်ကြောင်း အာဏာပိုင်‌တွေက ပြောပါတယ်။

(ဖမ်းဆီးထားသည့် သံသယရှိသူနှစ်ဦး) (Photo: Straits Times)

ဓားဖြင့်တိုက်ခိုက်ခံရတဲ့ ဝီရန်တိုဟာ သမ္မတဂျိုကိုဝီဒိုဒိုရဲ့ အစိုးရအဖွဲ့မှာ ၂၀၁၆ ခုနှစ်ကတည်းက လုံခြုံရေးဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ အရှေ့တီမောမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုဖြစ်ရပ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲအဖြစ် ဝီရန်တိုက ပါဝင်ပတ်သက်ခဲ့ဖူးရာ ၎င်းကို ဝန်ကြီးအဖြစ် ခန့်အပ်မှုအပေါ် ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဝီရန်တိုဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံကနေ အရှေ့တီမော ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံတည်ထောင်ရေး လူထုဆန္ဒခံယူပွဲ အကြမ်းဖက်ပဋိပက္ခများအတွင်း လူ ၁,၀၀၀ ခန့် အသတ်ခံရမှုအတွက် ကုလသမဂ္ဂမှာ စွဲချက်တင်ခံခဲ့ရပါတယ်။ ဝီရန်တိုကတော့ အရှေ့တီမောအရေးမှာ မှားယွင်းလုပ်ဆောင်မှု မရှိခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

(Photo: AP)

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီ ပြန်လည်ရွေးကောက်ခံရပြီးနောက် လူသေဆုံးမှုတွေရှိခဲ့တဲ့ ဂျကာတာမြို့ ဆူပူအုံကြွမှုများနဲ့လည်း ဆက်နွယ်မှုရှိခဲ့ပြီး မအောင်မြင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုမှာ ဝန်ကြီးဝီရန်တိုနဲ့ အခြား အစိုးရထိပ်တန်းအရာရှိသုံးဦးကို ပစ်မှတ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလအတွင်း ပြောခဲ့ပါတယ်။

လူခြောက်ဦး အုပ်စုတစ်ခုကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့က အစိုးရတာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲ လူထုသဘောထားစစ်တမ်းကောက်ယူသူ တစ်ဦးကို လုပ်ကြံသတ်ဖြတ်ပြီး နိုင်ငံကို ကသောင်းကနင်းဖြစ်စေရန် စီစဉ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထိုစဉ်က ပြောခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က