ကျွန်တော်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကြက်ဥ ၁၀ သန်းကို စွန့်ပစ်လိုက်ဖို့ပါပဲ
Ko John

အင်ဒိုနီးရှားမှာ ကြက်သားဈေးနှုန်းများ ထိုးကျနေမှုကို ရပ်တန့်နိုင်ရေးအတွက် သန်းနဲ့ချီတဲ့ ကြက်ဥမျေား လွှင့်ပစ်ဖျက်ဆီးရန် သို့မဟုတ် အခမဲ့ပေးရန် အစိုးရက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အစိုးရက မွေးမြူရေးလုပ်ငန်းတွေကို ဈေးကွက်အတွင်း ကြက်ဥတင်ပို့မှုကို ရပ်ဆိုင်းထားရန်နဲ့ ကြက်ဥတွေကို လွှင့်ပစ်ဖျက်ဆီးရန် သို့မဟုတ် အခမဲ့ပေးရန် တိုက်တွန်းခဲ့ပါတယ်။ "ကြက်သားဈေးထိုးကျနေတာကို ကျွန်တော်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကြက်ဥ ၁၀ သန်းကို စွန့်ပစ်လိုက်ဖို့ပါပဲ" လို့ မွေးမြူးရေးနဲ့ တိရိစ္ဆာန်ကျန်းမာရေးဌာနများရဲ့ အထွေထွေညွန်ကြားရေးမှူး I Ketut Diarmita က ပြောပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေက ကြက်ဥအရေအတွက် လျှော့ချလိုက်ခြင်းက ဈေးကွက်အတွင်း ကြက်သားတင်ပို့မှု ပြတ်လပ်သွားစေပြီး ကြက်သားဈေးနှုန်းများ ပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ အင်ဒိုနီးရှားမှာ ကြက်သားစားသုံးမှု ပမာဏထက် ထုတ်လုပ်မှုက ပိုလျှံနေခဲ့ပြီး ဈေးနှုန်းထိုးကျမှု ဖြစ်နေခဲ့ပါတယ်။

(Photo: detik.com)

ကြက်သားဈေးနှုန်း ကျဆင်းမှုဟာ စားသုံးသူတွေအတွက် ကောင်းနိုင်ပေမဲ့ အသားစာကြက် မွေးမြူးရေးလုပ်ငန်းမှာ ထိခိုက်မှုတွေရှိနေပါတယ်။ အင်ဒိုနီးရှားမှာ ကြက်သားဈေးနှုန်းဟာ ယခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တစ်ကီလိုဂရမ် (၆၁ ကျပ်သားစွန်းစွန်း) ကို အင်ဒိုနီးရှား rupiah ငွေ ၃၀,၀၅၀ (မြန်မာကျပ်ငွေ ၃,၂၀၀ ကျော်) ဖြစ်ကြောင်းနဲ့ သုံးနှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းလို့ ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ အစီအစဉ်မှာ ဒါဇင်နဲ့ချီတဲ့ မွေးမြူးရေးခြံတွေ ပါဝင်လာကြပြီး ကြက်ဥတွေကို ဖျက်ဆီးကြမယ်လို့ မျှော်လင့်ရကြောင်း အင်ဒိုနီးရှား အသားစားကြက်မွေးမြူးရေးအသင်းက ပြောပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ ဇွန်လအတွင်း အင်ဒိုနီးရှားအစိုးရက ကြက်သားဈေးနှုန်း ထိုးကျနေမှုကို ရပ်တန့်စေရန်အတွက် အသားစားကြက်မွေးမြူရေးသမားတွေကို ကြက်ကောင်ရေသုံးသန်းခန့် သုတ်သင်ပစ်ရန် နှစ်ပတ်အချိန်ပေးခဲ့ကြောင်းလည်း သိရပါတယ်။ မွေးမြူးရေးသမားတွေက မွတ်စလင်မ်ဥပုသ်ကာလအပြီး အီးဒ်နေ့ အားလပ်ရက်များအတွင်း ကြက်သားဝယ်လိုအား မြင့်တက်လာမယ်လို့ မျှော်လင့်ခဲ့ကြပြီး ကြက်သားထုတ်လုပ်မှုကို တိုးမြှင့်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

သို့သော် ကြက်သားဝယ်လိုအားမှာ ၎င်းတို့ မျှော်လင့်ထားသကဲ့သို့ မြင့်တက်မလာခဲ့ဘူးလို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အစိုးရက မွေးမြူရေးသမားတွေကို ၆၈ ပတ်အရွယ် ကြက်များအား ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့အထိ နှစ်ပတ်အတွင်း သုတ်သင်ပစ်ရန် ပြောထားခဲ့ကြောင် စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(Photo: (Ganug Nugroho Adi/Jakarta Post)

ကြက်မွေးမြူရေးသမားတွေက ကြက်အရှင်ဈေးနှုန်းဟာလည်း အစိုးရရဲ့ သတ်မှတ်ဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ၁၈,၀၀၀ rupiah အောက်သို့ ကျဆင်းခဲ့ကြောင်း အရေးဆိုပြောကြားခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာ ကြက်သားနဲ့ ပြောင်းဖူးအပါအဝင် အဓိက အစားအစာတွေရဲ့ ဈေးနှုန်းကို အစိုးရက အနိမ့်ဆုံးနဲ့အမြင့်ဆုံး သတ်မှတ်ထားကြောင်း CNA သတင်းက ပြောပါတယ်။ အင်ဒိုနီးရှားမှာ ၂၀၁၈ ခုနှစ်အတွင်း ကြက်သားတန်ချိန် ၃.၆ သန်း ထုတ်လုပ်ခဲ့ပေမဲ့ စားသုံးမှုပမာဏဟာ တန်ချိန် ၃.၁ သန်းသာရှိခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန အချက်အလက်တွေက ဖော်ပြထားပါတယ်။


က္က