သေဆုံးသူတွေဟာ အခန်းတစ်ခုမှာ ပိတ်မိနေခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ မီးခြစ်ဆံစက်ရုံအဖြစ် လုပ်ကိုင်နေတဲ့ နေအိမ်တစ်အိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်အချို့ အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ယနေ့ (ဇွန် ၂၁ ရက်) မွန်းလွဲပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AP)

မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာမှ ဓာတ်ပုံတွေအရ မီးလောင်ပြီးနောက် နေအိမ်အတွင်း မည်းနေတဲ့ အလောင်းများကို ထပ်လျက်သားတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းဆူမာတြားပြည်နယ် Medan မြို့မှ ၄၃ မိုင်ကျော်အကွာ Binjai မြို့ငယ်လေးရှိ မီးခြစ်ဆံစက်ရုံအဖြစ် လုပ်ကိုင်နေတဲ့ နေအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။



"ဘာကြောင့် မီးလောင်မှုဖြစ်တယ်ဆိုတာ မသိရသေးပါဘူး၊ ဒါပေမဲ့ မီးကိုတော့ ငြှိမ်းသတ်ပြီးပါပြီ" လို့ မြောက်ပိုင်းဆူမာတြား ဘေးအန္တရာယ်ဆိုင်ရာဌာန အကြီးအကဲ Raidail Lubis က AFP သတင်းဌာနကို ပြောပါတယ်။ မီးလောင်အတွင်း သေဆုံးခဲ့သူတွေအနက် ကလေးငယ်သုံးဦးထက်မနည်း ပါဝင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: Tribun Medan)

မီးလောင်မှု စတင်ဖြစ်ပွားချိန်မှာ ဗလီကိုသွားနေခဲ့တဲ့ ဒေသခံဖြစ်သူ Budi Zulkifli က သိရှိလိုက်တယ်လို့ ဆိုပါတယ်။ "ကျွန်တော်က သောကြာနေ့ ဝတ်ပြုဖို့အတွက် ဗလီကိုသွားနေတုန်း ပေါက်ကွဲသံအကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်၊ ဒါပေမဲ့ ဘာပေါက်ကွဲတာလဲတော့ ကျွန်တော် မသိဘူး" လို့ ၎င်းက AFP ကို ပြောပါတယ်။

Binjai ရဲတပ်ဖွဲ့အကြီးအကဲ Nugroho Tri Nuryanto ကတော့ ဂက်စ်ဘူးတစ်ခု ပေါက်ကွဲရာကနေ မီးလောင်မှုဖြစ်ခဲ့ဖွယ်ရှိကြောင်း၊ သို့သော် မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတည်ပြုရန် လိုသေးတယ်လို့ဆိုပါတယ်။ မီးလောင်မှုကနေ လူသုံးဦးထက်မနည်း လွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပြီး ဒေသခံသတင်းတွေကတော့ အမျိုးသမီးလေးဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

(Photo: Tribun Medan)

"သေဆုံးသူတွေက အခန်းတစ်ခုထဲမှာ ပိတ်မိနေခဲ့ကြတယ်၊ ထွက်ပြေးလို့မရခဲ့ကြဘူး၊ သေဆုံးသူတွေကို မည်သူဖြစ်ကြောင်း ခွဲခြားအတည်ပြုနေပြီး မီးလောင်မှုဖြစ်တဲ့နေရာမှာ ရှာဖွေမှုတွေလုပ်နေပါတယ်" Nuryanto က Tribun News သတင်းဌာနကို ပြောခဲ့ပါတယ်။

မီးလောင်မှုဖြစ်တဲ့ မီးခြစ်ဆံစက်ရုံနေရာကို ကလေးတွေ မည်သည့်အတွက် ရောက်ရှိနေခဲ့ကြောင်း အတိအကျ မသိရသေးပါဘူး။ သို့သော် Pipit လို့သာ အမည်သိရတဲ့ မီးလောင်မှုကနေ လွတ်မြောက်လာသူရဲ့ အဆိုအရ ကလေးတွေက မီးခြစ်ဆံစက်ရုံမှာ အလုပ်လုပ်နေတဲ့ ၎င်းတို့မိဘတွေထံ လာရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

(Photo: AP)

အင်ဒိုနီးရှားမှာ တရားမဝင် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြမှု၊ ဘေးကင်လုံခြုံရေး စံချိန်စံညွန်းများ လိုက်နာဆောင်ရွက်မှု အားနည်းချက်တို့ကြောင့် လူသေဆုံးမှုဖြစ်စေတဲ့ မီးလောင်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ယခုနှစ်အတွင်းမှာလည်း ခွင့်ပြုချက် လိုင်စင်မရှိဘဲ လုပ်ကိုင်နေတဲ့ ရွှေတူးဖော်ရေး မိုင်းတွင်းပြိုကျမှုကြောင့် လူဦးရေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဂျကာတာမြို့ပြင်ရှိ မီးရှူးမီးပန်းစက်ရုံမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က