ဥပဒေအပြောင်းအလဲကို ဆန္ဒပြကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အင်ဒိုနီးရှားအစိုးရက စီစဉ်နေတဲ့ ဥပဒေအပြောင်းအလဲကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ဂျကာတာမြို့တော်မှာ ယနေ့ (စက်တင်ဘာ ၂၅ ရက်) ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ဥပဒေအပြောင်းအလဲတွေကို ဆန္ဒပြနေမှု သုံးရက်မြောက်နေ့မှာ ကျောင်းသူကျောင်းသား ၂၀၀ ခန့်နဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဆန္ဒပြသူတွေက ကျောက်ခဲများနဲ့ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လူအုပ်စုများအတွင်း မျက်ရည်ယိုဗုံးများ ပစ်ခဲ့ကြောင်းသိရပါတယ်။



လွှတ်တော်မှာတင်သွင်းခဲ့ပြီး လက်ရှိမှာ သမ္မတဂျိုကိုဝီဒိုဒိုက ရွှေ့ဆိုင်းထားစေခဲ့တဲ့ လက်မထပ်ဘဲ အတူနေသူတွေကို ထောင်ဒဏ်ချမှတ်မှုနဲ့ သန္ဓေတားဆေး၊ သန္ဓေတားကိရိယာများ ရောင်းချမှုတွေကို ထိန်းချုပ်ကန့်သတ်မယ့် ပြစ်မှုဆိုင်ရာ ဥပဒေပြင်ဆင်မှုကို အင်ဒိုနီးရှား ကျောင်းသူကျောင်းသားတွေက လမ်းပေါ်ထွက် ဆန္ဒပြနေခဲ့ကြပါတယ်။

အဆိုပါ ဥပဒေပြင်ဆင်မှုကို အင်ဒိုနီးရှားပြည်သူတွေကြား တုံ့ပြန်ဝေဖန်မှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ယခု ဆန္ဒပြမှုဟာ အင်ဒိုနီးရှားမှာ သမ္မတဆူဟာတိုရဲ့ ဆယ်စုနှစ်သုံးခုကြာ အာဏာရရှိလာမှုကို အဆုံးသတ်စေခဲ့တဲ့ ၁၉၉၈ ခုနှစ် ဆန္ဒပြမှုများနောက်ပိုင်း အကြီးမားဆုံး ဖြစ်လာခဲ့ပါတယ်။ ယမန်နေ့က ဂျကာတာ၊ ဘန်ဒေါင်းနဲ့ မာကက်ဆာတို့မှာ ပြုလုပ်ခဲ့ကြတဲ့ စုရုံးချီတက် ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်သုံးပြီး ဖြိုခွင်းခဲ့ကြောင်းသိရပါတယ်။

ဆန္ဒပြမှုများအတွင်း ကျောင်းသူကျောင်းသား ၂၆၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဂျကာတာရဲတပ်ဖွဲ့အကြီးအကဲ Gatot Eddy Pramono က ပြောပါတယ်။ သို့သော် ၎င်းတို့ရဲ့ ဒဏ်ရာအခြေအနေကိုတော့ အတိအကျ ပြောကြားခြင်းမရှိပါဘူး။ ယမန်နေ့ ညဉ့်နက်ပိုင်းအထိ ဂျကာတာမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုတွေရှိခဲ့ပြီး လူ ၉၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Gatot Eddy Pramono က ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေအနက် အချို့ဟာ ဓာတ်ဆီပုလင်းဗုံးများ ကိုင်ဆောင်ထားခဲ့ကြတယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ လက်မထပ်ဘဲ အတူနေသူတွေ ထောင်ကျနိုင်တဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပြောင်းလဲရန်စီစဉ်မှုကို ဂျကာတာအပြင် ဆူလာဝေကျွန်းရှိ ဂိုရွန်တာလိုမြို့၊ ဂျာဗားကျွန်းရှိ ဆူရာဘာယာမြို့ကဲ့သို့ အင်ဒိုနီးရှား မြို့ကြီးတွေမှာလည်း ကျောင်းသူကျောင်းသား ထောင်နဲ့ချီပြီး ယနေ့ ဆန္ဒပြခဲ့ကြကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က