မြောက်ပိုင်းဆူလာဝေစီ ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မြောက်ပိုင်းဆူလာဝေစီပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားဘူမိရူပဗေဒဌာ (Indonesian Geophysics Agency - BMKG) က ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ငလျင်ကြီးဟာ ဒေသစံတော်ချိန် ယနေ့ (ဇူလိုင် ၇ ရက်) ည ၁၀ နာရီ ၈ မိနစ်က မြေအောက်အနက် ၁၅ မိုင်ခန့်မှာ လှုပ်ခတ်သွားခဲ့ကြောင်း BMKG က ပြောပါတယ်။ ငလျင်ရဲ့ဗဟိုချက်ဟာ Manado မြို့ အရှေ့တောင်ဘက် ၁၁၅ မိုင်အကွာ မြောက်ပိုင်းဆူလာဝေစီနဲ့ မြောက်ပိုင်းမာလူကူ ပြည်နယ်နှစ်ခုကြား Molucca ပင်လယ်ပြင်မှာဖြစ်ကြောင်း US Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။



ဆူလာဝေစီကျွန်းစု ကမ်းရိုးတန်းဒေသရှိ Bitung မြို့၊ မြောက်ပိုင်းမာလူကူရှိ Ternate မြို့၊ မာလူကူကျွန်းစုရှိ Halmahera နဲ့ Tidore ကျွန်းတို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားကြရန် BMKG က ထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်မှုကို Manado မြို့နဲ့ မြောက်ပိုင်းဆူလာဝေစီရှိ Bitung မြို့၊ မြောက်ပိုင်းမာလူကူရှိ Ternate တို့မှာ ခံစားသိရှိခဲ့ရတယ်လို့ BMKG ရဲ့ ထုတ်ပြန်မှုကို ကိုးကားပြီး CNA သတင်းက ဖောပြခဲ့ပါတယ်။

(Photo: @infoBMKG/Twitter)

နောက်ဆက်တွဲ သတင်းတွေအရ ဆူနာမီသတိပေးချက်ကို နာရီပိုင်းအကြာမှာ ရုပ်သိမ်းလိုက်ကြောင်းနဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှု မကြားသိရသေးဘူးလို့ ဆိုပါတယ်။ USGS ကတော့ ယခု ငလျင်ရဲ့ပြင်းအားအဆင့်အရ တည်ဆောက်မှုပိုင်း အားနည်းချက်ရှိတဲ့ အဆောက်အအုံတွေမှာ ပျက်စီးမှုဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းလွန်မှာ ယခုနှစ် ဧပြီ ၁၁ ရက်နေ့ကလည်း ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရဖူးပါတယ်။ ထိုစဉ်က ဆူနာမီသတိပေးချက်ကိုတော့ ထုတ်ပြန်အပြီး မိနစ် ၄၀ အကြာမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

(Photo: @weatherchannel/Twitter)

ထိုအတောအတွင်း ဂျကာတာမြို့ရှိ စင်ကာပူနဲ့ မလေးရှားသံရုံးတို့က ၎င်းတို့နိုင်ငံသားတွေကို အင်ဒိုနီးရှားငလျင်နဲ့ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ လတ်တလော ကမ္ဘာ့နိုင်ငံများမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုအဖြစ် ဇူလိုင် ၅ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ကယ်လီဖိုးနီးယားဒေသမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က