ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ တရားမဝင် ရွှေတွင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး အခြား လူ ၆၀ ကျော် မြေကြီးများအောက် နစ်မြုပ်သွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: BNPB)

မြေပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပြီး ပိတ်မိနေသူအချို့ရဲ့ အသံတွေကို ကြားနေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) ဒေသစံတော်ချိန် ည ၉ နာရီခန့်က မြောက်ပိုင်းဆူလာဝေစီရှိ Bolaang Mongondow ဒေသမှ ရွှံ့နွံထူထပ်တဲ့ တောင်စောင်းရှိ ရွှေတူးဖော်ရေးနေရာမှာ မြေပြိုမှုဖြစ်ခဲ့ပါတယ်။ မြေပြိုမှုကြောင့် လုပ်သားများပိတ်မိသွားခဲ့ကြောင်းနဲ့ အများအပြားဟာ အသက်ရှင်နေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ယုံကြည်ထားပါတယ်။

(Photo: @Sutopo_PN/Twitter)

"ကျွန်တော်တို့ သူတို့အသံတွေကို ကြားနေရတာကြောင့် သူတို့ထဲက အများအပြား အသက်ရှင်နေသေးတယ်ဆိုတာ သိရပါတယ်၊ ရွှံ့နွံတွေထဲမှာ လေဟာနယ်နဲ့ လေဝင်လေထွက်ရှိတဲ့ နေရာအချို့ ရှိပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ Abdul Muin Paputungan က Reuters သတင်းဌာနကို ဖုန်းဖြင့်ပြောခဲ့ပါတယ်။

တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းနေရာမှာ မြေပြိုမှုဖြစ်ပြီးနောက် ယနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီအထိ အနည်းဆုံး အလောင်းသုံးလောင်းကို တွေ့ရှိခဲ့ရပြီး လူ ၁၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနဲ့ မီဒီယာတွေက ပြောထားပါတယ်။

(Photo: CNN)

အင်ဒိုနီးရှားအစိုးရက ယခု မြေပြိုမှုဖြစ်ခဲ့တဲ့ ရွှေတူးဖော်ရေး အသေးစားလုပ်ငန်းတွေကို ပိတ်ပင်ထားပေမဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက အစွန်အဖျားနေရာတွေမှာ ထိုသို့ တရားမဝင် ရွှေတူးဖော်မှုတွေကို မျက်ကွယ်ပြုထားလေ့ရှိတယ်လို့လည်း သိရပါတယ်။ စည်းမျဉ်းအတိုင်း အရေးယူဆောင်ရွက်မှု လျော့နည်းတာကြောင့် တရားမဝင် မိုင်းတွင်းတွေမှာ မကြာခဏ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိနေပါတယ်။

(Photo: @Sutopo_PN/Twitter)

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်အရာရှိတွေ ပူးပေါင်းပြီး ရွှံ့နွံတွေအောက်မှာရောက်နေသူတွေကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေပါတယ်။ မြေပြင်အခြေအနေဟာ တုန်ခါလှုပ်ရှားမှု ပြင်းထန်ပါက ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် စက်ယန္တရားများမသုံးဘဲ ဂေါ်ပြားနဲ့ ကြိုးတွေကိုသာ အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေရတယ်လို့ Abdul Muin Paputungan က ဆိုပါတယ်။ ရွှေတွင်းမှာအလုပ်လုပ်နေသူတွေရဲ့ မိသားစုတွေကတော့ အခြေအနေကို သိရှိနိုင်ရန် ရွှေတွင်းနေရာမှာ လာရောက်စောင့်ဆိုင်းနေကြတယ်လို့လည်း သိရပါတယ်။ 



Share

Loading Next Article...
က္က