သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်သေးကြောင်း ခန့်မှန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၃၈၇ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၁၁ ရက်) ပြောပါတယ်။

Photo: AFP/SONNY TUMBELAKA

ဒါ့အပြင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရွှေ့ပြောင်းခဲ့ရသူ သိန်းနဲ့ချီအရေအတွက်ဟာလည်း သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရပါတယ်။ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ဒေသစံတော်ချိန် ညပိုင်းက ရစ်(ခ်)တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြီးကြောင့် လွမ်ဘော့ကျွန်းတစ်လျှောက်ရှိ လူနေအိမ်များ၊ ဗလီများနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။



Photo: Sutopo Purwo Nugroho

လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက်ညပိုင်း ငလျင်ကြီးမတိုင်မီ ဇူလိုင် ၂၉ ရက် အစောပိုင်းကလည်း ရစ်(ခ်)တာစကေး ၆.၄ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ "သေဆုံးသူဦးရေက ဆက်လက် မြင့်တက်လာအုံးမယ်လို့ ခန့်မှန်းရပါတယ်၊ ငလျင်လှုပ်ပြီး မြေပြိုမှုတွေနဲ့ အခြား အပျက်အစီးတွေအောက်မှာ ရောက်နေသူတွေ ရှိနေနိုင်ပါသေးတယ်၊ ပြီးတော့ စာရင်းပျောက်နေတဲ့ သေဆုံးသူတွေလည်း ရှိနိုင်ပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။

Photo: Sutopo Purwo Nugroho

သြဂုတ် ၅ ရက် ငလျင်ကြီးကြောင့် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရသူ အရေအတွက်ဟာလည်း ၃၈၇,၀၀၀ အထိ မြင့်တက်လာကြောင်းနဲ့ ဒဏ်ရာရသူဦးရေ ၁၃,၀၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ငလျင်လှုပ်ခတ်မှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ လွမ်ဘော့ကျွန်းမြောက်ပိုင်းမှာ လူ ၃၃၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ ရွှေ့ပြောင်းခဲ့ရကြောင်း ယခုနောက်ဆုံး စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါငလျင်ကြီး လှုပ်ခတ်မှုကြောင့် လွမ်ဘော့ကျွန်းအနီးရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဘာလီကျွန်းမှာလည်း လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

Photo: Sutopo Purwo Nugroho

ငလျင်လှုပ်ခတ်မှုခံရတဲ့ လွမ်ဘော့ကျွန်း နေရာဒေသတွေမှာ အရေးပေါ်လုပ်ငန်းများ လုပ်ဆောင်မှုဟာ မြေပြင်မှာတွေ့ကြုံနေရတဲ့ ပြဿနာအများအပြားကို ဖြေရှင်းနေရတာကြောင့် နောက်ထပ် ၁၄ ရက် ကြာမြင့်နိုင်တယ်လို့ နူဂရိုဟိုက ပြောခဲ့ပါတယ်။ ရွှေ့ပြောင်းခဲ့ရသူ အများစုဟာ ၎င်းတို့ရဲ့ နေအိမ်များအနီးရှိ ကွင်းပြင်တွေမှာ ယာယီရွက်ဖျင်တဲများထိုးပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက် ခြောက်ရက်ကြာအထိ လွမ်ဘော့ကျွန်းမြောက်ပိုင်း တောင်တန်းဒေသရှိ ရွှေ့ပြောင်းခဲ့ရသူတွေထံ အကူအညီများ မရောက်နိုင်သေးဘူးလို့ သိရပါတယ်။

Photo: Sutopo Purwo Nugroho

"အဓိက ပြဿနာက ငလျင်ဒဏ်ခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ လူတွေဆီကို အကူအညီပစ္စည်းတွေ ဖြန့်ဝေရေးဖြစ်ပါတယ်" လို့ သဘာဝဘေးအန္တာရာယ်ဆိုင်ရာဌာနမှ နူဂရိုဟိုက ပြောပါတယ်။ ငလျင်လှုပ်မှုကြောင့် လွမ်ဘော့ကျွန်း မြောက်ပိုင်းရှိ လမ်းအများစု ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်အများအပြားလည်း ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

နောက်ဆက်တွဲငလျင်တွေအနက် ကြာသပတေးနေ့ (သြဂုတ် ၉ ရက်) မှာ ရစ်(ခ်)တာစကေး ၅.၉ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်တစ်ခုလည်း လှုပ်ခတ်ခဲ့ရာ ဒေသခံများ ကြောက်လန့်တကြားဖြင့် အော်ဟစ်ငိုကြွေးကာ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က