ကန်ဒါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအဓိကရုဏ်းအတွင်း ဒဏ်ရာရပြီး သေဆုံးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လတ်တလော ပေါ်ပေါက်နေတဲ့ ဥပေဒအပြောင်းအလဲတွေကို ကန့်ကွက်ဆန္ဒပြမှုအတွင်း ပထမဆုံး လူသေဆုံးမှုတွေအဖြစ် စက်တင်ဘာ ၂၆ ရက်နေ့က ကျောင်းသားနှစ်ဦး သေဆုံးခဲ့ပါတယ်။

(လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြနေသူများ) (Photo: Reuters)

အစိုးရက စီစဉ်နေတဲ့ ဥပဒေအပြောင်းအလဲတွေကို နိုင်ငံတစ်ဝှမ်း လူပေါင်းထောင်နဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရှိလာခဲ့ပါတယ်။ လက်မထပ်ဘဲ အတူနေသူတွေကို ထောင်ချနိုင်တဲ့ ပြစ်မှုဆိုင်ရာဥပဒေအပြောင်းအလဲနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနကို လုပ်ပိုင်ခွင့်အာဏာလျော့နည်းစေရန် အစိုးရက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။



ဆူလာဝေစီကျွန်းရှိ ကန်ဒါရီမြို့မှာ ဆန္ဒပြမှုအတွင်း အသက် ၂၁ နှစ်အရွယ် ကျောင်းသားတစ်ဦး ရင်ဘတ်ဒဏ်ရာရခဲ့ပြီးနောက် ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ကန်ဒါရီမြို့ ဆန္ဒပြမှုအတွင်း ဒေသဆိုင်ရာ လွှတ်တော်အဆောက်အအုံ မီးရှို့ခံရပြီး အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ အဆိုပါမြို့မှာပင် နောက်ထပ် အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့စဉ်) (Photo: Reuters)

ရဲတပ်ဖွဲ့က ကျောင်းသား သေဆုံးရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောရန် ငြင်းဆန်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာတော့ အင်ဂျင်နီယာပညာ သင်ကြားနေတဲ့ ကျောင်းသားတစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ ပြောဆိုမှုတွေရှိနေကြောင်း AFP သတင်းက ဖော်ပြပါတယ်။

"လူအုပ်ထဲက ကျောင်းသားတစ်ယောက် ဒဏ်ရာရခဲ့တယ်၊ သူ့ကို ဆေးရုံပို့ခဲ့ပြီးတော့ ဆရာဝန်တွေက အသက်ကယ်ဖို့ ကြိုးပမ်းခဲ့ကြပေမဲ့လည်း သေဆုံးသွားခဲ့ပါတယ်၊ သူက ညာဘက်ရင်အုံနေရာမှာ ဒဏ်ရာရထားပါတယ်၊ အဲဒါက ဘယ်လိုဒဏ်ရာလဲဆိုတာ ကျွန်တော် အတည်မပြုနိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့ ရဲအရာရှိတွေကတော့ ကျည်ဆန်အစစ်နဲ့တောင်မဟုတ်ပါဘူး ရာဘာကျည်ဆန်နဲ့တောင် မပစ်ခဲ့ကြပါဘူး" လို့ အရှေ့တောင်ပိုင်း ဆူလာဝေစီရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား ဟယ်ရီဂိုးလ်ဒင်းဟတ်က Metro TV ကို ပြောပါတယ်။

(ဂျကာတာမြို့မှ ဆန္ဒပြကျောင်းသူကျောင်းသားများ) (Photo: Reuters)

အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှာလည်း ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၅ ရက်) က ဆန္ဒပြကျောင်းသူကျောင်းသားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ ပဋိက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက် ကျောင်းသူကျောင်းသား ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၂၆ ရက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဖမ်းဆီးခဲ့တဲ့ ကျောင်းသူကျောင်းသား အများစုကို ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့ ဓားများ၊ အခြား ချွန်ထက်တဲ့အရာများ လက်ဝယ်တွေ့ရှိရသူ အချို့ကိုတော့ ဆက်လက် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ထိုအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ ပဒန်းမြို့မှာ ဆန္ဒပြကျောင်းသူကျောင်းသားအုပ်စုက ဒေသဆိုင်ရာ လွှတ်တော်အဆောက်အအုံကို စက်တင်ဘာ ၂၅ ရက်နေ့မှာ စီးနင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

(အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ) (Photo: Reuters)

အင်ဒိုနီးရှားမှာ လက်မထပ်ဘဲ အတူနေသူတွေကို ထောင်ဒဏ်ချမှတ်မှုနဲ့ သန္ဓေတားဆေး၊ သန္ဓေတားကိရိယာများ ရောင်းချမှုတွေကို ထိန်းချုပ်ကန့်သတ်မှု အပါအဝင် ပြစ်မှုဆိုင်ရာဥပဒေေ အပြောင်းအလဲတွေပါဝင်နေတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်သွင်းခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါ့အပြင် အခြား ဥပဒေမူကြမ်းတစ်ရပ်မှာလည်း နိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနကို လုပ်ပိုင်ခွင့်အာဏာလျော့နည်းသွားစေရန် ပြင်ဆင်ထားကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

(ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့စဉ်) (Photo: Reuters)

အင်ဒိုနီးရှား လုံခြုံရေးဆိုင်ရာဝန်ကြီး ဝီရန်တိုကတော့ ယခု ပေါ်ပေါက်နေတဲ့ ကျောင်းသူကျောင်းသားများ ဆန္ဒပြမှုကို လူအုပ်စုတစ်စုက ထိန်းချုပ်ခဲ့ကြောင်းနဲ့ အဆိုပါအုပ်စုဟာ လွှတ်တော်အစည်းအဝေးနဲ့ လာမယ့် အောက်တိုဘာလမှာ သမ္မတဂျိုကိုဝီရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမယ့် အစီစဉ်ကို အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ကြခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို) (Photo: AFP)

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက လူထုအကြား ဝေဖန်မှုတွေနဲ့အတူ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိလာခဲ့တဲ့ လက်မထပ်ဘဲ အတူနေသူတွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမူကြမ်းကို ယခုလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်မပြုဘဲ ရွှေ့ဆိုင်းထားရန် ညွှန်ကြားခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ယခုဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုဟာ သမ္မတဆူဟာတိုရဲ့ ဆယ်စုနှစ်သုံးခုကြာ အာဏာရရှိလာမှုကို အဆုံးသတ်စေခဲ့တဲ့ ၁၉၉၈ ခုနှစ် ဆန္ဒပြမှုများနောက်ပိုင်း အကြီးမားဆုံး ဖြစ်လာခဲ့ပါတယ်။


Share

Loading Next Article...
က္က