ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၅၀၀ ကျော် ပင်ပန်းနွမ်းနယ်ပြီး နေမကောင်းဖြစ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲရုံဝန်ထမ်း အပါအဝင် ရွေးကောက်ပွဲတာဝန်ကျဝန်ထမ်း ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၁,၈၇၈ ကျော်ဟာ ပင်ပန်းနွမ်းနယ်ပြီး နေမကောင်းဖြစ်ခဲ့ကြကြောင်း အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

(ရွေးကောက်ပွဲဝန်ထမ်းတစ်ဦးကို မဲပုံများနှင့်အတူ တွေ့ရစဉ်) (Photo: AFP)

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲရုံ ၈၀၀,၀၀၀ ကျော် စီစဉ်ပေးထားခဲ့ပြီး မဲရုံဝန်ထမ်းများ အပါအဝင် ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်သူ ၆ သန်းကျော်ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲဝန်ထမ်းတွေက သန်းပေါင်းရာချီတဲ့ မဲလက်မှတ်တွေကို လက်ဖြင့် ရေတွက်ခဲ့ကြရပါတယ်။



ကော်မရှင်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထုတ်ပြန်ချက်အရ အနောက်ဂျာဗားမှာ ၃၈ ဦး သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ထို့အတူ အလယ်ပိုင်းဂျာဗားမှာ ၂၀ ဦးနဲ့ အရှေ့ဂျာဗားမှာ ၁၄ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ Banten, Bengkulu, Kalimantan, Lampung, Papua, Riau, Sumatra, Sulawesi နဲ့ Yogyakarta တို့မှာလည်း ရွေးကောက်ပွဲဝန်ထမ်း သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

Madiun နယ်မြေရှိ မဲရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာလည်း ကိုယ်ဝန်ပျက်ကျခဲ့ပြီး လက်ရှိ ကုသမှုခံယူနေရကြေင်း အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Detik က ဖော်ပြပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ ခုနစ်လရှိပြီလို့ သိရပါတယ်။

(ကော်မရှင်က ထုတ်ပြန်ထားသည့် သေဆုံးမှုအရေအတွက်) (Photo: KPU Republik Indonesias)

"ကျွနု်ပ်တို့ရဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲ သူရဲကောင်းတွေ သေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြေကွဲရပါတယ်၊ အင်ဒိုနီးရှားမှာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းဖို့အတွက် သင်တို့ရဲ့ အားထုတ်လုပ်ဆောင်မှုနဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်" လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Bloomberg သတင်းဌာနရဲ့ အဆိုအရ အင်ဒိုနီးရှားရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသူအရေအတွက်ဟာ ဧပြီ ၂၄ ရက်မှာ ၁၃၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနဲ့ ဝန်ထမ်းတွေဟာ ခြေကုန်လက်ပန်းကျပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

(ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုနှင့် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို) (Photo: Reuters)

ဧပြီ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲဟာ တစ်ရက်တည်း မဲပေးရတဲ့ရွေးကောက်ပွဲတွေအနက် ကမ္ဘာ့အကြီးဆုံးလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၉၃ သန်းရှိပြီး ခန့်မှန်းခြေအားဖြင့် ၈၁ ရာခိုင်နှုန်းက မဲပေးခဲ့ကြကြောင်း Bloomberg က ဖော်ပြပါတယ်။

ရွေးကောက်ပွဲ မဲရေတွက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး မဲဆန္ဒရှင်စစ်တမ်းကောက်ခံတဲ့ အဖွဲ့အစည်းတွေထံမှ တရားဝင်မဟုတ်တဲ့ မဲရလဒ်များအရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်းရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုကို အနိုင်ရခဲ့တယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဂျိုကိုဝီကို ကျဉ်းမြောင်းတဲ့ မဲရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ သမ္မတဂျိုကိုဝီက ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးရသူတွေအတွက် ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ


ဆက်စပ်အကြောင်းအရာများ



က္က