ဓာတ်အား ပုံမှန်ပြန်လည်ရရှိနိုင်ရန် နာရီအတန်ကြာ အချိန်ယူဆောင်ရွက်ရနိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်နဲ့ အနီးပတ်ဝန်းရှိ မြို့တွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ သန်းပေါင်းများစွာ ဓာတ်အားပြတ်တောက်မှု ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

(Photo: @SiafulCNA/Twitter)

ဂျကာတာမြို့ရဲ့ နေရာအများအပြား အပါအဝင် အနီးပတ်ဝန်းကျင် မြို့တွေမှာ ယနေ့ (သြဂုတ် ၄ ရက်) နေ့လယ်ပိုင်းမှစပြီး ဓာတ်အားပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်လည်ရရှိနိုင်ရန် နာရီအတန်ကြာ အချိန်ယူဆောင်ရွက်ရနိုင်ကြောင်း သတင်းတွေက ပြောပါတယ်။



ဂျကာတာမြို့ရဲ့ နေရာအချို့မှာ မီးပွိုင့်များ မီးပျက်သွားခဲ့တာကြောင့် ယခင်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့ အင်ဒိုနီးရှားမြို့တော်မှာ အခြေအနေ ပိုမိုဆိုးရွားခဲ့ပါတယ်။ မကြာသေးမီက အသစ်ဖွင့်လှစ် ပြေးဆွဲနေတဲ့ မြေအောက်ရထားစနစ်ဟာလည်း ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပြီး ခရီးသည်တွေကို ရေ့ပြောင်းခဲ့ရပါတယ်။

(Photo: CNA/MediaCorp)

"ရထားက ရုတ်တရက် လုံးဝ ရပ်သွားတယ်၊ အချိန်အကြာကြီး စောင့်နေခဲ့ရတယ်၊ ရထားပေါ်မှာ ကလေးငယ်တွေလည်း အများကြီးပါလာတော့ သူတို့ ငိုနေခဲ့ကြတယ်၊ ရထားတွဲပေါ်က လူတွေက တံခါးဖွင့်ပေးဖို့ အော်ဟစ်ပြောဆိုခဲ့ကြတယ်" လို့ မြေအောက်ရထားစီးနေစဉ် မီးပျက်မှုကြုံခဲ့ရတဲ့ အယ်လာဝါစီလာက AFP သတင်းဌာနကို ပြောပါတယ်။

ယခု လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဂျကာတာမြို့တော်မှာ လူဦးရေ ၁၀ သန်းနီးပါးနဲ့ အနီးပတ်ဝန်းကျင် မြို့များရှိ လူဦးရေ သန်း ၂၀ ကြုံတွေ့ရနိုင်ကြောင်း သိရပါတယ်။ ဂျကာတာမြို့ တည်ရှိရာ ဂျာဗားကျွန်းအပြင် နောက်ထပ် လူဦးရေ သန်းပေါင်းများစွာရှိတဲ့ အနီးအနားရှိ ပြည်နယ်တွေမှာလည်း ဓာတ်အားပြတ်တောက်မှု ကြုံတွေ့ခဲ့ရတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

ဂျကာတာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ဓာတ်အားပြတ်တောက်ခဲ့ပြီး ဆေးရုံတွေမှာ မီးစက်များ အသုုံးပြုခဲ့ရပါတယ်။ အင်ဒိုနီးရှားအစိုးရပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ PLN က အဓိက ဓာတ်အားပေးစက်ရုံမှာ ချို့ယွင်းမှုဖြစ်ခဲ့တာကြောင့် ဓာတ်အားပြတ်တောက်ခဲ့ရကြောင်း ထုတ်ပြန်ပြောကြားခဲ့ပြီး အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က