ဗြိတိန်မှာ ပါဝင်စမ်းသပ်ခံသူတွေ နာမကျန်းဖြစ်လာမှုကြောင့် အစောပိုင်းမှာ ရပ်ဆိုင်းထားခဲ့ပါတယ်။

အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြန်လည်စတင်သွားတော့မယ်လို့ ကုမ္ပဏီက စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

အောက်စ်ဖို့နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို ဗြိတိန်မှာ ပါဝင်စမ်းသပ်ခံသူတွေ နာမကျန်းဖြစ်လာမှုကြောင့် ရပ်ဆိုင်းထားကြောင်း ကုမ္ပဏီက စက်တင်ဘာ ၈ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ ဗြိတိန်နိုင်ငံရဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့အစည်း Medicines and Healthcare Products Regulatory Agency (MHRA) ထံမှ ထောက်ခံချက်ရရှိပြီဖြစ်ရာ စမ်းသပ်မှုတွေ ပြန်လည်စတင်သွားမယ်လို့ သိရပါတယ်။ COVID-19 ကာကွယ်ဆေးစမ်းသပ်မှု ပြန်လည်စတင်မယ့်သတင်းကို ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်က ကြိုဆိုလိုက်ပါတယ်။



(Image: ABC News)

"ဒီလို ရပ်ဆိုင်းထားခဲ့တာက ကျွန်တော်တို့ဟာ ဘေးအန္တရာယ်ကင်းမှုကို အမြဲတမ်း ဦးစားပေးသွားမယ်ဆိုတာ ထင်ရှားစေပါတယ်၊ ထိရောက်တဲ့ ကာကွယ်ဆေးတစ်ခု တတ်နိုင်သလောက် အမြန်ဆုံးရရှိဖို့ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေကို ကျွန်တော်တို့ အားပေးသွားမှာပါ" လို့ ဝန်ကြီးက ဆိုပါတယ်။

ယခုစမ်းသပ်မှုကဲ့သို့ ကာကွယ်ဆေးစမ်းသပ်မှုကို လူများစွာ ပြုလုပ်ပါက ပါဝင်စမ်းသပ်ခံသူအချို့မှာ နာမကျန်းဖြစ်မှုရှိလာနိုင်ကြောင်း မျှော်လင့်ထားခဲ့တယ်လို့ အောက်စ်ဖို့တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ်ရေးကော်မတီနဲ့ ဗြိတိန်ဆေးဝါးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့အစည်း MHRA ထံမှ ထောက်ခံချက်ရရှိပြီးနောက် ယခုအခါ COVID-19 ကာကွယ်ဆေး စမ်းသပ်လေ့လာမှုကို ပြန်လည်စတင်နိုင်ပြီလို့ အောက်စ်ဖို့တက္ကသိုလ်က ပြောပါတယ်။

(Photo: AP)

ထိုအတောအတွင်း အောက်စ်ဖို့နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံမှာ စမ်းသပ်မှုအတွင်း ပါဝင်စမ်းသပ်ခံရန် စီစဥ်ထားသူ ၅,၀၀၀ အနက် ၄,၆၀၀ ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ၎င်းတို့ထံမှ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာရှိကြောင်း အကြောင်းကြားမှု မရှိခဲ့ဘူးလို့ Federal University of Sao Paulo က ထုတ်ပြန်ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

အောက်စ်ဖို့နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေး လူတွေမှာ ထိုးနှံစမ်းသပ်မှု နောက်ဆုံးအဆင့်တွေကို အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကမှာ ပြုလုပ်နေခဲ့ပြီး ဂျပန်နဲ့ ရုရှားမှာလည်း နောက်ထပ် ပြုလုပ်သွားရန် စီစဥ်ထားပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကပ်ရောဂါကို ကုသရန်နဲ့ ကာကွယ်ရန်အတွက် ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကာ ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်တဲ့ ကုထုံးတစ်ရပ်နဲ့ ကာကွယ်ဆေးတစ်ခုခု မရှိသေးပါဘူး။

(Photo: AFP)

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကာကွယ်ဆေးတစ်မျိုး ရရှိနိုင်ရန် AstraZeneca, Pfizer, GlaxoSmithKline, Johnson & Johnson, Merck & Co, Moderna, Novavax, Sanofi, BioNTech အစရှိတဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး မတူညီတဲ့ စမ်းသပ်မှုအဆင့်တွေကို လုပ်ဆောင်နေခဲ့ကြကြောင်း သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၂၉ သန်းနီးပါး (၂၈.၉ သန်းကျော်) ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၉၂၄,၀၀၀ ကျော်ရှိခဲ့ကာ ကူးစက်ခံရသူ ၂၀.၈ သန်းက‌တော့ ပြန်လည်သက်သာခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က