သဲကန္တာရမြို့ငယ်တစ်ခုအနီး ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ကယ်လီဖိုးနီးယားဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လော့စ်အိန်ဂျလိစ်မြို့ အရှေ့မြောက်ဘက်ရှိ သဲကန္တာရမြို့ငယ်တစ်ခုမှာ နေအိမ်မီးလောင်မှုတွေနဲ့ အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: CNN)

ငလျင်ဟာ ဒေသစံတော်ချိန် ဇူလိုင် ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က လော့စ်အိန်ဂျလိစ်မြို့ အရှေ့မြောက်ဘက် မိုင် ၁၀၀ ကျော်အကွာရှိ Ridgecrest မြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်းနဲ့ ပြင်းအား ရစ်ချ်တာစကေး ၆.၄ အဆင့်ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ပြီးနောက် အဆိုပါမြိုနဲ့ အနီးတစ်ဝိုက်မှာ နေအိမ်မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာနက ပြောပါတယ်။

ယခု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ တောင်ကယ်လီဖိုးနီးယားဒေသမှာ နှစ်ပေါင်း ၂၀ တွင်း အင်အားအပြင်းဆုံး ငလျင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Kern ကောင်တီမီးသတ်ဌာနက Twitter မှာ ရေးသားထားမှုအရ ငလျင်လှုပ်ပြီးနောက် Ridgecrest မြို့နဲ့ အနီးတစ်ဝိုက်မှာ နေအိမ်အဆောက်အအုံ နှစ်ဒါဇင်နီးပါး မီးလောင်မှုဖြစ်ပွားခဲ့မှုကို ငြှိမ်းသတ်နေခဲ့ရတယ်လို့ သိရပါတယ်။

(Photo: AP)

ငလျင်လှုပ်မှုကြောင့် Ridgecrest Regional ဆေးရုံမှ လူနာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ Ridgecrest မြို့မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်း မြို့တော်ဝန် Peggy Breden က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ လူအချို့ဟာ ငလျင်လှုပ်မှုကြောင့် အဆောက်အအုံများမှ ပြုတ်ကျလာတဲ့ ပစ္စည်းများထိမှန်ခံခဲ့ရကြောင်းနဲ့ ဂက်စ်ပိုက်လိုက်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း မြို့တော်ဝန်ကဆိုပါတယ်။

(Photo: Karaleigh Roe)

"ကျွန်မတို့ ငလျင်လှုပ်တာတွေ ကြုံဖူးပါတယ်၊ ဒါပေမဲ့ ဒီလောက် သိသာပြင်းထန်တာမျိုးတော့ မကြုံခဲ့ဖူးပါဘူး" လို့ MSNBC သတင်းဌာနကို ပြောခဲ့ပါတယ်။ ငလျင်ဗဟိုချက်အနီးရှိ Ridgecres မြို့ဟာ သဲကန္တာရနယ်မြေအတွင်းရှိပြီး လူဦးရေ ၂၈,၀၀၀ ခန့် နေထိုင်ကြတဲ့ မြို့ငယ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်း - အမေရိကန် တောင်ကယ်လီဖိုးနီးယားမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်

Share

Loading Next Article...
က္က