သံတမန်ရေးလမ်းကြောင်းကို အပြီးတိုင် ပိတ်လိုက်ခြင်းဖြစ်တယ်လို့ အီရန်ကဆိုပါတယ်။
Ko John

အမေရိကန်က ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီနဲ့ အခြား ထိပ်တန်းအကြီးအကဲတွေကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းက တီဟီရန်နဲ့ဝါရှင်တန်ကြား သံတမန်ရေးလမ်းကြောင်းကို အပြီးတိုင် အဆုံးသတ်လိုက်ခြင်းဖြစ်တယ်လို့ အီရန်နိုင်ငံက ယနေ့ (ဇွန် ၂၅ ရက်) ပြောကြားလိုက်ပါတယ်။

(ထရန့်က အီရန်ခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှု လက်မှတ်ရေးထိုးခဲ့စဉ်) (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ခေါင်းဆောင် ခါမေနီ အပါအဝင် ထိပ်တန်းအကြီးအကဲတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း သမ္မတအမိန့်ညွန်ကြားချက်တစ်ရပ်ကို တနင်္လာနေ့ (ဇွန် ၂၄ ရက်) မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အီရန်က အမေရိကန် မောင်းသူမဲ့လေယာဉ်တစ်စီးကို ပစ်ချခဲ့ပြီးနောက် အီရန်အပေါ် ဖိအားပေးမှု တိုးမြှင့်တဲ့အနေနဲ့ သိသာထင်ရှားပြီး မကြုံစဖူး အရေးယူပိတ်ဆို့မှုဖြင့် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ထုတ်ပြန်မှုအရ ယခုသီတင်းပတ်နှောင်းပိုင်းမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဂျာဗက်ဒ်ဇာရစ်ဖ်ကိုလည်း အရေယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

(ပစ်ချခံရသည့် အမေရိကန် မောင်းသူမဲ့လေယာဉ်) (Photo: US Navy)

"အီရန်ခေါင်းဆောင်ကြီး ခါမေနီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်တို့ကို အသုံးမဝင်တဲ့ အသုံးမဝင်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ခြင်းက သံတမန်ရေးလမ်းကြောင်းကို အပြီးတိုင် အဆုံးသတ်ပစ်လိုက်တာပါပဲ" လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အဘက်စ်မူဆာဗီက Twitter မှာ ပြောထားကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။

"ထရန့်ရဲ့ ရမ်းကားတဲ့အစိုးရက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းဖို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို ဖျက်ဆီးနေတယ်" လို့လည်း အဘက်စ်မူဆာဗီက Twitter မှာ ဝေဖန်ရေးသားထားပါတယ်။ ယမန်နှစ်အတွင်း အမေရိကန်က အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားအရေး သဘောတူညီမှုကနေ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေခဲ့ပါတယ်။

(အီရန်ခေါင်းဆောင်ကြီး ခါမနေီ) (Photo: AFP)

ထိုအတောအတွင်း အီရန်က အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့မှုဖြစ်ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ မောင်းသူမဲ့လေယာဉ် ပစ်ချခံရမှုအတွက် အမေရိကန်က အီရန်ကိုတိုက်ခိုက်ရန် စီစဉ်ခဲ့သေးပြီး သမ္မတထရန့်ကလည်း ခွင့်ပြုမိန့်ပေးခဲပေမဲ့ မိနစ်ပိုင်းအလိုမှာ ခွင့်ပြုမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

အမေရိကန်က အီရန်ရဲ့ လက်နက်စနစ်တွေကို ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး မောင်းသူမဲ့လေယာဉ်ပစ်ချခံရမှုအတွက် တုံ့ပြန်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ အီရန်ကတော့ အမေရိကန်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။

(အငြင်းပွားနေသည့် မောင်းသူမဲ့လေယာဉ် ပစ်ချခံရသည့်နေရာပြ မြေပုံ)

အမေရိကန် မောင်းသူမဲ့လေယာဉ်ဟာ ၎င်းတို့လေပိုင်နက်အတွင်း ဟော်မုဇ်ရေလက်ကြား ကောင်းကင်ယံကို ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် ပစ်ချခဲ့တယ်လို့ အီရန်ကပြောခဲ့ပြီး အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ မောင်းသူမဲ့လေယာဉ်ဟာ ပစ်ချခံရစဉ် နိုင်ငံတကာလေပိုင်နက်ထဲမှာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ အီရန်က ၎င်းတို့ပစ်ချခဲ့တဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ် အပျက်အစီးတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အမေရိကန်က အီရန်ခေါင်းဆောင် ခါမေနီကို အရေးယူပိတ်ဆို့မှုနဲ့ အီရန်ဘက်က တုံ့ပြန်မှုတွေအရ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုတွေ ဆက်လက် မြင့်တက်နေနိုင်ကြောင်း သတင်းတွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က