ဖြစ်လာနိုင်ခြေရှိတဲ့ အီရန်တိုက်ခိုက်မှုကို တုံ့ပြန်သွားရန်ဖြစ်ပါတယ်။

အီရန်နိုင်ငံက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာနိုင်ခြေရှိမှုကို တုံ့ပြန်သွားရန်အတွက် ထိုဒေသသို့ တပ်ဖွဲ့များစေလွှတ်ရာမှာ မဟောဗျူဟောမြောက် B-52 ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်လာမယ်လို့ အမေရိကန်စစ်တပ်က အင်္ဂါနေ့ (မေ ၇ ရက်) ပြောပါတယ်။

(အမေရိကန် B-52 ဗုံးကြဲလေယာဉ်) (Photo: Reuters)

အီရန်ကိုတုံ့ပြန်ရန် အရှေ့အလယ်ပိုင်းဒေသသို့ USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနဲ့ ဗုံးကြဲတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ချထားကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်က တနင်္ဂနွေနေ့ (မေ ၅ ရက်) မှာ ပြောခဲ့ပါတယ်။

ယခုအခါ US Central Command မှ ဗိုလ်ကြီးဘီလ်အာဘန်က အဆိုပါ ဗုံးကြဲတပ်ဖွဲ့မှာ B-52 ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်သွားမယ်လို့ဆိုပါတယ်။ B-52 ဗုံးကြဲလေယာဉ်လေးစီးကို ဖြန့်ကျချထားမယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပြီး အဆိုပါ အရေအတွက်ဟာ ပြောင်းလဲနိုင်ကြောင်းလည်း သိရပါတယ်။

(USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘော) (Photo: Timothy Smith/Reuters/ US Navy)

အမေရိကန်က အရှေ့အလယ်ပိုင်းမှာ ပုံမှန်အားဖြင့် ဗုံးကြဲလေယာဉ် ဖြန့်ကျက်ချထားလေ့ရှိပြီး လတ်တလောအဖြစ် ပြီးခဲ့တဲ့လအတွင်း B-1 အမျိုးအစား ဗုံးကြဲလေယာဉ်တွေ ထိုဒေသမှာထားရှိခဲ့ပါတယ်။ ယခု ဖြန့်ကျက်ချထားမယ့် မဟာဗျူဟာမြောက် B-52 ဗုံးကြဲလေယာဉ်ဟာ ခရီးရှည်ပျံသန်းနိုင်ပြီး နျူကလီယားဗုံး သယ်ဆောင်ကြဲချနိုင်ပါတယ်။

ထိုအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုက အီရန်နဲ့ တင်းမာမှုမြင့်တက်နေစဉ် အီရတ်နိုင်ငံသို့ ကြိုတင်စီစဉ်မထားဘဲ သွားရောက်ခဲ့ကြောင်းလည်း သိရပါတယ်။ မိုက်ခ်ပွန်မ်ပီအိုကက ဂျာမနိုင်ငံ ဘာလင်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အီရတ်ကိုသွားရောက်ကာ ဘဂ္ဂဒက်မြို့မှာ လေးနာရီကြာရှိနေခဲ့စဉ်အတွင်း အီရတ်သမ္မတ Barham Salih နဲ့ ဝန်ကြီးချုပ် Adil Abdul-Mahdi တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

(မိုခ်ပွန်မ်ပီအိုနှင့် အီရတ်သမ္မတ Barham Salih ဘဂ္ဂဒက်မှာတွေ့ဆုံစဉ်) (Photo: Reuters)

ထိုသို့ တွေ့ဆုံခဲ့ရာမှာ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးရန် မိုက်ခ်ပွန်မ်ပီအိုက အီရတ်ခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အီရန်နဲ့ ခြိမ်းခြောက်မှုတွေအပေါ် အမေရိကန်ရဲ့ လုံခြုံရေးစိုးရိမ်မှုတွေကိုလည်း မိုက်ခ်ပွန်မ်ပီအိုက ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ အီရတ်ခေါင်းဆောင်တွေကလည်း နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် တာဝန်ရှိမှုကိုနားလည်းကြောင်းဖြင့် အာမခံချက်ပေးခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ 

(သမ္မတဒေါ်နယ်ထရန်နှင့် လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်) (Photo: Getty Images)

ယမန်နှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၅ ခုနှစ်မှာ အီရန်၊ အမေရိကန်နဲ့ အခြားနိုင်ငံများ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့အီရန်တို့ကြား ဆက်ဆံရေး တင်းမာမှုတွေမြင့်တက်နေခဲ့ပါတယ်။

အဆိုပါ သဘောတူစာချုပ်အရ အီရန်နိုင်ငံက ၎င်းရဲ့ နျူကလီးယားအစီအစဉ်တွေကို ကန့်သတ်ရန်နဲ့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့ကို လာရောက်စစ်ဆေးခွင့်ပြုရန် သဘောတူညီခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးရန်ဖြစ်ပါတယ်။

(နျူကလီးယားနေရာတစ်ခုကို သမ္မတရိုဟန်နီ စစ်ဆေးကြည့်ရှုစဉ်) (Photo: AFP)

ထပ်မံသိရတဲ့ သတင်းအရ အီရန်နိုင်ငံက ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အရ လိုက်နာလုပ်ဆောင်မှုတွေကို ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။ အီရန်သမ္မတ ဟတ်ဆန်ရိုဟန်နီက နိုင်ငံမှာ ယူရေနီယံသန့်စင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်ပကိုရောင်းချသွားမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က