စစ်သင်္ဘောအနီး ရောက်လာတဲ့ မောင်းသူမဲ့လေယာဉ်ကို ပစ်ချလိုက်တယ်လို့ ဆိုပါတယ်။

ဟော်မုဇ်ရေလက်ကြားမှာ အီရန် မောင်းသူမဲ့လေယာဉ်တစ်စီးကို အမေရိကန်ရေတပ်က ပစ်ချဖျက်ဆီးလိုက်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AP)

အီရန် မောင်းသူမဲ့လေယာဉ်ဟာ ကြာသပတေးနေ့ (ဇူလိုင် ၁၈ ရက်) က USS Boxer ကုန်းရေနှစ်သွယ်သုံး စစ်သင်္ဘောအနီး ကိုက် ၁,၀၀၀ ခန့်အတွင်း ရောက်ရှိလာခဲ့ပြီးနောက် ခုခံကာကွယ်ဆောင်ရွက်မှုအဖြစ် ပစ်ချလိုက်ကြောင်း ထရန့်ကဆိုပါတယ်။ အီရန်ကတော့ မောင်းသူမဲ့လေယာဉ် ဆုံးရှုံးမှုသတင်းအချက်အလက်မရှိခဲ့ကြောင်း ပြောပါတယ်။



ပြီးခဲ့တဲ့ ဇွန်လအတွင်း အီရန်က အမေရိကန် မောင်းသူမဲ့လေယာဉ်တစ်စီးကို ဟော်မုဇ်ရေလက်ကြားမှာပင် ပစ်ချခဲ့ဖူးပါတယ်။ ယခုဖြစ်ရပ်မတိုင်မီ တနင်္ဂနွေနေ့ (ဇူလိုင် ၁၄ ရက်) က နိုင်ငံခြားရေနံတင်သင်္ဘောတစ်စီးနဲ့ သင်္ဘောသား ၁၂ ဦးကို ပင်လယ်ကွေ့အတွင်း လောင်စာဆီ မှောင်ခိုသယ်ဆောင်မှုအတွက် ဖမ်းဆီးခဲ့ကြောင်း အီရန်အစိုးရက ပြောထားပါတယ်။

(USS Boxer စစ်သင်္ဘော) (Photo: AP)

ပင်လယ်ကွေ့အတွင်း မေလမှစပြီး ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုဟာ အီရန်လက်ချက်ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး အီရန်ကတော့ ထိုစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ အခြေအနေတွေက ပင်လယ်ကွေ့ဒေသမှာ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဇွန်လအတွင်း အမေရိကန် မောင်းသူမဲ့လေယာဉ် ပစ်ချခံရပြီးနောက် သမ္မတထရန့်ကို အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီးမှ ပြန်ရိုပ်သိမ်းခဲ့ကြောင်းလည်း သိရပါတယ်။

အမေရိကန်က ပင်လယ်ကွေ့သို့ USS Abraham Lincoln လေယာဉ်တင်စစ်သေင်္ဘာ၊ ကုန်းရေနှစ်သွယ် တိုက်ခိုက်နိုင်တဲ့ USS Arlington စစ်သင်္ဘော၊ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့နဲ့ အခြား စစ်သင်္ဘောများနဲ့ စစ်သားထောင်နဲ့ချီပြီး စေလွှတ်ချထားကြောင်းလည်း သိရပါတယ်။

Source: AFP, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က