ဖောလာ်ရီဒါပြည်နယ်ကို ဦးတည်ချဉ်းကပ်လာနေပါတယ်။
Ko John

ဟာရီကိန်းမုန်တိုင်း ဒိုရီယန် (Hurricane Dorian) က ပိုမိုအားကောင်းလာပြီး အလွန်အန္တရာယ်ရှိတဲ့ မုန်တိုင်းအဖြစ်သို့ရောက်ရှိကာ အမေရိကန်ပြည်မကြီးကို ဦးတည်ရွေ့လျားနေကြောင်း National Hurricane Center (NHC) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(မုန်တိုင်းဝင်နိုင်မှုအတွက် ပြင်ဆင်နေကြစဉ်) (Photo: Getty Images)

ဒိုရီယန်မုန်တိုင်းဟာ ပြင်းအားအဆင့် ၂ (Category 2) ဟာရီကိန်းအဖြစ်မှ ယမန်နေ့ (သြဂုတ် ၃၀ ရက်) နှောင်းပိုင်းမှာ ပြင်းအားအဆင့် ၃ (Category 3) သို့ အားကောင်းလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်နဲ့ ဂျော်ဂျီယာပြည်နယ်တောင်ပိုင်းကြား တစ်နေရာကို တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်) နှောင်းပိုင်းမှာ စတင်ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း NHC က ပြောပါတယ်။

ကုန်းတွင်းပိုင်းကို ချဉ်းကပ်လာစဉ် ဟာရီကိန်းဒိုရီယန်ဟာ ပိုမိုအားကောင်းလာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၃၀ အထိရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဆိုပါ ဟာရီကိန်းမုန်တိုင်းက သမုဒ္ဒရာအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၂ မိုင်နှုန်းဖြင့် ဖြေးညှင်းစွာ ရွေ့လျားနေပါတယ်။

(ဟာရီကိန်းဒိုရီယန် လမ်းကြောင်းပြမြေပုံ) (Map: NOAA)

ဟာရီကိန်းမုန်တိုင်းတွေဟာ ဖလော်ရီဒါကမ်းလွန် ပင်လယ်ပြင်ကဲ့သို့ ပူနွေးတဲ့ရေပြင်အထက်မှ ဖြတ်သန်းစဉ် ပိုမိုအားကောင်းလာလေ့ရှိတယ်လို့ သိရပါတယ်။ ဟာရီကိန်းဒိုရီယန်က အမေရိကန်မှာ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ လာမယ့် တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်) အလုပ်သမားနေ့မှာ ကုန်းတွင်းပိုင်းကို ဖြတ်သန်းတိုက်ခတ်နိုင်ကြောင်း NHC က ခန့်မှန်းထားပါတယ်။

ကုန်းတွင်းပိုင်းကို ဖြတ်းသန်တိုက်ခတ်စဉ် ဟာရီကိန်းဒိုရီယန်ဟာ ပြင်းအားအဆင့် ၄ (Category 4) မုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပါတယ်။ Category 4 ဟာ မုန်တိုင်းပြင်းအား အဆင့်သတ်မှတ်မှုအနက် ဒုတိယအပြင်းဆုံးဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြီးမားစွာဖြစ်ပေါ်နိုင်ပါတယ်။

(ဟာရီကိန်းဒိုရီယန်ကို ဂြိုဟ်တုပုံရိပ်) (Photo: Andrew Morgan/Twitter)

မိုးလေဝသကျွမ်းကျင်သူအချို့ကတော့ ဒိုရီယန်ဟာ ၁၉၉၂ ခုနှစ်က ဖလော်ရီဒါမှာ ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ကာ ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်စေခဲ့တဲ့ ဟာရီကိန်းအန်ဒရူး (Hurricane Andrew) နဲ့ ပြင်းအားတူညီလာမှာကို စိုးရိမ်ပူပန်နေခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဟာရီကန်းဒိုရီယန်ကို ဟာရီကိန်းအန်ဒရူးနဲ့ နှိုင်းယှဉ်ခဲ့ပြီး အဖျက်စွမ်းအားကြီးနိုင်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် သမ္မတထရန့်က ပိုလန်နိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းအစား ဒုတိယသမ္မတ မိုက်ပင့်စ်ကို စေလွှတ်လိုက်ကြောင်းလည်း သိရပါတယ်။

(အစားအသောက်များ ဝယ်ယူစုဆောင်းနေကြစဉ်) (Photo: AP)

လာမယ့်ရက်များအတွင်း ဖလော်ရီဒါကမ်းရိုးတန်းမှာ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေ မြင့်တက်နိုင်ခြေရှိကြောင်း NHC က သတိပေးထားပါတယ်။ ထို့အတူ မုန်တိုင်းအရှိန်ကြောင့် ဘဟားမားစ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းကာ အသက်အန္တရာယ်ရှိတဲ့ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း NHC က သတိပေးခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ပြည်နယ်တစ်ခုလုံးကို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

(စတိုးဆိုင်မှာ ပစ္စည်းများပြတ်လပ်တဲ့အထိ ရောင်းချရမှု) (Photo: AP)

၎င်းက အရှေ့ဘက်ကမ်းရိုးတန်းရှိ ဖလော်ရီဒါပြည်နယ် ဒေသခံတွေအနေနဲ့ မုန်တိုင်းအခြေအနေကို အနီးကပ် စောင့်ကြည့်ကြရန်နဲ့ အနည်းဆုံး ခုနစ်ရက်စာအတွက် အစားအသောက်များ စုဆောင်းထားကြရန်လည်း အကြံပြုခဲ့ပါတယ်။ ဟာရီကိန်းဒိုရီယန်ဟာ ပွာတိုရီကိုကျွန်းကို ဝင်ရောက်ခြင်းမရှိဘဲ ဖြတ်ကျော်လာခဲ့ပြီးနောက် အမေရိကန်ကမ်းရိုးတန်းကို ဦးတည်နေတာလည်း ဖြစ်ပါတယ်။

Source: CNN, BBC, AccuWeather


က္က