ယာဉ်အသွားအလာ အခက်အခဲများ ကြုံခဲ့ရပါတယ်။

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်ခဲ့မှုကြောင့် အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်နဲ့ ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းတို့မှာ တနင်္လာနေ့ (ဇူလိုင် ၈ ရက်) က ရုတ်တရက် ရေကြီးမှုတွေဖြစ်ပေါ်ကာ ယာဉ်အသွားအလာ အခက်အခဲများ ကြုံခဲ့ရပါတယ်။

(Photo: Alex Brandon/AP)

ဝါရှင်တန်ဒီစီမှာ လမ်းမများ ရေလွှမ်းမိုးသွားခဲ့ပြီး မြစ်ချောင်းသဖွယ် ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန် မိုးလေဝသဌာန (National Weather Service) က ရုတ်တရက် ရေကြီးမှုအန္တရာယ် သတိပေးချက်ကို ဝါရှင်တန်ဒီစီမြို့တော်ဧရိယာအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

မာရီလန်းပြည်နယ် နေရာဒေသတွေနဲ့ ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းတို့မှာ တနင်္လာနေ့ မနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုတွေဖြစ်ခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် အာလန်တန်မြို့ရှိ Reagan National လေဆိပ်မှာ ၂ နာရီအတွင်း မိုးရေချိန် ၃.၄ လက်မအထိ ရွာသွန်းခဲ့ပါတယ်။ ထို့အတူ မာရီလန်းပြည်နယ် ဖရီဒါရစ်ခ်မြို့မှာ မိုးရေချိန် ၆.၃ လက်မနဲ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့မှာ မိုးရေချိန် ၄.၅ လက်မအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရပါတယ်။

(Photo: Arlington Fire/Twitter)

အာလင်တန်မြို့ရဲ့ မိုးရေချိန်ဟာ တစ်နာရီအတွင်း ၃.၃ လက်မအထိ ရှိခဲ့ကြောင်းနဲ့ ထိုပမာဏဟာ ပုံမှန်အားဖြင့် တစ်လအတွင်း ရွာသွန်းတဲ့မိုးရေချိန်နီးပါး ဖြစ်ခဲ့တယ်လို့ မိုးလေဝသသတင်းဝက်ဘ်ဆိုက် AccuWeather က ဖော်ပြခဲ့ပါတယ်။ ဝါရှင်တန်မှာ ရေကြီးမှုအတွင်း မော်တော်ယာဉ်မောင်းနှင်သူ တစ်ဒါဇင်ကျော်ဟာ အာရီဇိုနားလမ်းမကြီးအနီး ကန်နယ်လ်လမ်းတစ်လျှောက် ကားခေါင်မိုးတွေပေါ်မှာ သောင်တင်ခဲ့ကြပါတယ်။ ဝါရှင်တန်ဒီစီရဲ့ အခြားနေရာတွေမှာ ရေကြီးမှုအတွင်း ကားအတွင်း ပိတ်မိခဲ့သူအချို့ကို ကယ်တင်ခဲ့ရကြောင်း Washintgon Post သတင်းက ဖော်ပြပါတယ်။

(Photo: Alex Brandon/AP)

ရေကြီးမှုဖြစ်ပြီးနောက် ဆေးရုံပို့ရသူနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဝါရှင်တန်ဒီစီ မီးသတ်ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် Amtrak ရထားလိုင်းရဲ့ ဝါရှင်တန်တောင်ပိုင်း ရထားခရီးစဉ်တွေကို မနက် ၁၀ နာရီကျော်မှာ ရပ်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။ Amtrak ရထားခရီးစဉ်တွေကို မနက် ၁၁ နာရီ ၄၀ မိနစ်မှာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရပါတယ်။

(Photo: Pete Piringer/Twitter)

မာရီလန်းပြည်နယ်မှာလည်း တနင်္လာနေ့ အစောပိုင်းက ရေကြီးမှုကြောင့် ဖုန်းခေါ်ဆို အကူအညီတောင်းမှု ၃၀ ကျော်ရှိခဲ့ကြောင်းနဲ့ ကယ်ဆယ်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း မီးသတ်ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လူဦးရေ ၈,၀၀၀ ခန့် တနင်္လာနေ့ နေ့လယ်ပိုင်းအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရကြောင်း Washington Post က ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က