နယူးယောခ့်မှာ အများပြည်သူ နေထိုင်နိုင်ရန် လေအေးပေးစက် တပ်ဆင်ထားတဲ့နေရာများ စီစဉ်ပေးထားပါတယ်။

အမေရိကန်နိုင်ငံ နေရာအများစုမှာ အလွန်အမင်း ပူပြင်းတဲ့ ရာသီဥတုကို စတင်ကြုံတွေ့နေရပြီး ယခုသီတင်းပတ်ကုန်မှာ အပူချိန်ဟာ အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

(ဝါရှင်တန်ရင်ပြင်ပန်းခြံ ရေပန်းအနီးတွေရသူအချို့) (Photo: Drew Angerer/Getty Images)

အန္တရာယ်ရှိတဲ့ အပူလှိုင်းကျရောက်မှုကို အဓိက မြို့ကြီးတွေဖြစ်တဲ့ နယူးယော့ခ်၊ ဝါရှင်တန်၊ အရှေ့ဘက်ကမ်းရိုတန်းရှိ ဘော်စတွန်တို့အပြင် အမေရိကန်အလယ်တစ်ကြောမှာ ကြုံရနိုင်ပါတယ်။ အမေရိကန်မှာ အပူလှိုင်းကျရောက်မှုကို လူဦးရေ သန်း ၂၀၀ ခန့် ခံစားရနိုင်ကြောင်းလည်း သိရပါတယ်။

အချို့နေရာဒေသတွေမှာ အပူချိန်ဟာ ၃၈ ဒီဂရီဆဲလ်စီးယပ်အနီး သို့မဟုတ် ထိုထက်ကျော်လွန် ရောက်ရှိလာနိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံ နေရာဒေသတွေမှာလည်း အပူလှိုင်းကျရောက်မယ်လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွယ်နေတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ် လတ်တလော နှစ်များအတွင်း အပူလှိုင်းကျရောက်မှုတွေ မကြာခဏ ကြုံရနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

(နယူးယော့ခ်မြို့ရှိ ရေပန်းတစ်ခုအနီး တွေ့ရသည့် ကလေးတစ်ဦး) (Photo: VCG)

ယခုနှစ် ဇွန်လဟာလည်း ကမ္ဘာမှာ အပူဆုံး ဇွန်လအဖြစ် စံချိန်တင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ပျမ်းမျှအပူချိန်ဟာ ၁၆.၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပါတယ်။ ယခုလ အစောပိုင်းကလည်း အာတိတ်စက်ဝိုင်းအတွင်းထဲမှာ နယ်မြေအစိတ်အပိုင်း ပါဝင်နေတဲ့ အမေရိကန်နိုင်ငံရဲ့ အလက်စကာပြည်နယ်မှာ အပူချိန်များမြင့်တက်မှု စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

ယခုသီတင်းပတ်ကုန်မှာ အပူချိန်မြင့်တက်မှုတွေကို ကော်လိုရာဒိုနဲ့ ကန်းဆက်မှ အရှေ့မြောက်ပိုင်းရှိ Great Lakes ရေအိုင်များရှိရာ ဒေသအထိ ကြုံရမှာဖြစ်ပါတယ်။ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းရဲ့ နေရာဒေသ အများစုမှာလည်း အပူချိန်တွေ မြင့်တက်နေမယ်လို့ ဆိုပါတယ်။ အမေရိကန် မိုးလေဝသဌာန (Naional Weather Service - NWS) က အပူလှိုင်းသက်ရောက်တဲ့ နေရာတွေကို မြေပုံထုတ်ပြန်ထားပါတယ်။

(အပူလှိုင်းကြုံရမယ့် နေရာများ ြမေပုံ) (MAP: NOAA/NWS)

"သီတင်းပတ်ကုန် ရက်တွေမှာ မြူဆိုင်းမှု၊ ပူပြင်းမှုနဲ့ စိုထိုင်းမှုတွေ ဆက်ဖြစ်နေပါမယ်၊ ဂရုတစိုက်နဲ့ အေးမြတဲ့နေရာမှာ နေကြပါ" လို့ NWS က သတိပေးထားပါတယ်။ နယူးယော့မြို့တော်ဝန် Bill de Blasio က အလွန်အမင်း ပူပြင်းမှုကြောင့် ဒေသတွင်း အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"ဒီရက်တွေမှာ အပူလှိုင်းကျရောက်နေပါတယ်၊ အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်၊ သောကြောနေ့က ပူပြင်းမှုအခြေအနေ ဆိုးပါလိမ့်မယ်၊ စနေနေ့မှာ တစ်ကယ်ကို ပိုဆိုးပြီး တနင်္ဂနွေနေ့တစ်နေ့လုံး တစ်ကယ်ကို အပူချိန်အခြေနေ ဆိုးနေမှာပါ" လို့ မြို့တော်ဝန်က Twitter မှာ ဗီဒီယိုလွှင့်တင်ပြီး ပြောခဲ့ပါတယ်။

(နယူးယော့ခ်မြို့တော်ဝန် Bill de Blasio) (Photo: Getty Images)

အပူချိန်များ မြင့်တက်နေစဉ် ပြင်ပမှာ သွားလာခြင်းမပြုကြရန်နဲ့ ရေဓာတ်ဖြည့်တင်းထားပြီး အထူးဂရုစိုက်နေထိုင်ကြရန်လည်း ၎င်းက သတိပေးခဲ့ပါတယ်။ အပူလှိုင်းအန္တရာယ်ရှိတာကြောင့် နယူးယောခ့်မြို့တစ်ဝှမ်း အများပြည်သူ လာရောက်နေထိုင်နိုင်ရန် လေအေးပေးစက် တပ်ဆင်ထားတဲ့ နေရာ ၅၀၀ ဖွင့်လှစ်ပေးထားမယ်လို့ မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

အလားတူ လေအေးပေးစက်တပ်ထားတဲ့ အများပြည်သူ နေထိုင်နိုင်တဲ့ နေရာတွေကို ဒတ်ထရိုက်မြို့နဲ့ အခြား အမေရိကန် မြို့တွေမှာလည်း စီစဉ်ပေးထားပါတယ်။ အမေရိကန် မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ အပူလှိုင်းဟာ ယခုသီတင်းပတ်ကုန်ရက်များမှာ ဆက်လက်ရှိနေပြီး မြို့အချို့မှာ နှစ်များအတွင်း အမြင့်ဆုံး အပူချိန်များ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

(အများပြည်သူ နေထိုင်နိုင်တဲ့ Cooling Center နေရာတစ်ခု) (Photo: Getty Images)

အပူလှိုင်းကြောင့် အမေရိကန် မြို့အချို့ဟာ အလွန်အမင်း ပူပြင်းတာကြောင့် သေမင်းချိုင့်ဝှမ်း (Death Valley) လို့ ခေါ်ဝေါ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် သဲကန္တာရနေရာကဲ့သို့ပင် ပူပြင်းမှုကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ လာမယ့် သီတင်းပတ် အစောပိုင်းမှာတော့ အမေရိကန်မှာ အပူချိန် သိသာစွာ ပြောင်းလဲသွားနိုင်ပြီး ရုတ်တရက် အေးလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က