လေဆိပ်မှာ ဆင်းသက်ရန်ကြိုးပမ်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။
Ko John

အမေရိကန်မြောက်ပိုင်း ကွန်နက်တီကပ်ပြည်နယ်ရှိ လေဆိပ်တစ်ခုမှာ ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်ဆုံး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။

(Photo: AP)

ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂ ရက်) က ပျက်ကျခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလမှ Boeing B-17 လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၃ ဦး လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ Boeing B-17 ဗုံးကြဲလေယာဉ်ကို အမေရိကန်လေတပ်က ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျာမနီနဲ့ ဂျပန်ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ဟာ ဘရက်ဒလေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယမန်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်းက ဆင်းသက်ရန်ကြိုးပမ်းနေစဉ် ပျက်ကျခဲ့ပါတယ်။

(Photo: AP)

ခရီးသည် ၁၀ ဦးနဲ့ လေယာဉ်အမှုထမ်းသုံးဦး လိုက်ပါသွားတဲ့ အဆိုပါ လေယာဉ်ကို Collings Foundation က ခေတ်ဟောင်းသမိုင်းဝင် လေယာဉ်တွေမှာ လိုက်ပါစီးနင်းရတဲ့ အတွေ့အကြုံရလိုသူတွေအတွက် အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးမှုတွေရှိခဲ့ပေမဲ့ အရေအတွက် အတိအကျကိုပြောရန် စောလွန်းနေသေးကြောင်း ကွန်နက်တီကပ်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ဂျိမ်းစ်ရိုဗယ်လာက ပြောပါတယ်။ "မီးလောင်ထားတဲ့ သေဆုံးသူတွေကို ဘယ်သူဆိုတာသိရဖို့ အရမ်းခက်ပါတယ်၊ မှားယွင်းပြီး သတ်မှတ်မိတာမျိုး မဖြစ်ချင်ပါဘူး" လို့ ၎င်းကဆိုပါတယ်။

(ပျက်ကျခဲ့တဲ့ လေယာဉ်အမျိုးအစား) (Photo: WGME)

လေယာဉ်ပျက်ကျမှုအတွင်း မြေပြင်မှာရှိနေခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး အရာရှိတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ ဒေသခံမီဒီယာတွေကတော့ တာဝန်ရှိသူတွေကို ကိုးကားပြီး လေယာဉ်ပျက်ကျမှုအတွင်း လူခုနစ်ဦးထက်မနည်း သေဆုံးကာ မြေပြင်မှာရှိနေသူ သုံးဦးအပါအဝင် လူကိုးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမှ Boeing B-17 ဗုံးကြဲလေယာဉ်ဟာ လေဆိပ်ကနေ ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၅ မိနစ်မှာ ထွက်ခွာသွားပြီးနောက် ၁၀ မိနစ်အကြာမှာ လေယာဉ်မှူးက ပြဿနာကြုံနေကြောင်း လေကြောင်းထိန်းချုပ်ရေးကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ပြည်နယ်လေဆိပ်အာဏာပိုင်အဖွဲ့ ညွန်ကြားရေးမှူး ကီဗင်ဒီလွန်က ပြောပါတယ်။

(Photo: Jessica Hill/AP)

လေယာဉ်ပျက်ကျခဲ့တဲ့ လေဆိပ်မှ ၁၅ မိုင်အကွာရှိ Hartford ဆေးရုံ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောကြားမှုအရ ၎င်းတို့ဆေးရုံသို့ ဒဏ်ရာရသူခြောက်ဦး ရောက်ရှိလာခဲ့ပြီး သုံးဦးဟာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့သိရပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပါဘူး။ လေယာဉ်ပျက်ကျမှုဖြစ်ပြီးနောက် လေဆိပ်ကို နာရီအတန်ကြာ ပိတ်ထားခဲ့ပြီး နောက်ပိုင်းမှာ ပြန်ဖွင့်ခဲ့တယ်လို့ဆိုပါတယ်။




က္က