မစ်ဆူရီပြည်နယ်မှာ သက်ကြီးရွယ်အို စုံတွဲ အပါအဝင် လူသုံးဦး သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်တစ်လျှောက် လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်မှုအတွင်း လေဆင်နှာမောင်းနဲ့အတူ ပေပေါင်း ရာနဲ့ချီ အကွာအဝေးအထိ ပါသွားခဲ့တဲ့ သက်ကြီးရွယ်အို စုံတွဲ အပါအဝင် လူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: @MSHPTrooperF/Twitter)

အဆိုပါ သက်ကြီးရွယ်အိုစုံတွဲဟာ လေဆင်နှာမောင်းနဲ့အတူ ပါသွားခဲ့ပြီးနောက် ၎င်းတို့ရဲ့ အလောင်းတွေကို နေအိမ်မှ ပေ ၆၀၀ အကွာမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသစံတော်ချိန် မေ ၂၂ ရက် ညပိုင်းက လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်ခဲ့မှုအတွင်း မစ်ဆူရီပြည်နယ်မြို့တော် ဂျက်ဖာဆန်မြို့မှ အနောက်တောင်ဘက် မိုင် ၁၇၀ အကွာရှိ ဂိုးလ်ဒင်းစီးတီးမြို့မှာ လူသေဆုံးမှုတွေရှိခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။



ပြည်နယ်မြို့တော် ဂျက်ဖာဆန်မှာလည်း လေဆင်နှာမောင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်မှု၊ မိုးသီးကြွေမှု၊ လေပြင်းတိုက်မှုနဲ့ လျှပ်စီးလက်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ လေဆင်နှာမောင်းတွေကြောင့် မစ်ဆူရီပြည်နယ်အနှံ့ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွေရခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ကန်းဆက်ပြည်နယ်နဲ့ နယ်စပ်အနီးမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူအချို့ ဒဏ်ရာရခဲ့ကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မစ်ဆူရီနဲ့ အိမ်နီးချင်းပြည်နယ်တွေဖြစ်တဲ့ အိုကလာဟိုးမားနဲ့ တက္ကဆက်တို့မှာလည်း လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မစ်ဆူရီပြည်နယ်မှာ သေဆုံးသူသုံးဦး အပါအဝင် ယခုသီတင်းပတ်အတွင်း အမေရိကန် Midwest နယ်မြေဒေသမှာ လေဆင်နှာမောင်းကြောင့် သေဆုံးအရေအတွက် ခုနစ်ဦးရှိလာခဲ့ပါတယ်။ ယခု သီတင်းပတ်အစောပိုင်းကလည်း ရာသီဥတုနဲ့ဆက်နွယ်နေတဲ့ သေဆုံးမှုတွေအဖြစ် မစ်ဆူရီပြည်နယ်မှာ ၂ ဦး၊ အိုကလာဟိုးမားနဲ့ အိုင်အိုဝါပြည်နယ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည်နေရာပြ မြေပုံ)

လူဦးရေ ၄၃,၀၀၀ နေထိုင်ကြတဲ့ မစ်ဆူရီပြည်နယ် ဂျက်ဖာဆန်မြို့မှာ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် မိနစ် ၂၀ အကြာမှာ လေဆင်နှာမောင်း ဖြတ်သန်းမှုကို မြင်တွေ့ခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာမှ ဓာတ်ပုံတွေအရ အဆောက်အအုံများ ပျက်စီးမှု၊ ဓာတ်အားလိုင်းများပျက်ကျနေမှုနဲ့ သစ်ပင်များပြိုလဲနေမှုတွေ တွေ့ရပါတယ်။

လေဆင်နှာမောင်းများ ဖြတ်သန်းတိုက်ခတ်ပြီးနောက် လူဦးရေထောင်နဲ့ချီပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရတယ်လို့ဆိုပါတယ်။ အမေရိကန် Midwest နယ်မြေဒေသတွေမှာ ယနေ့ (မေ ၂၃ ရက်) နဲ့ မေ ၂၄ ရက်တို့မှာလည်း နောက်ထပ် လေဆင်နှာမောင်းများ တိုက်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(Photo: @InfoEmerg/Twitter)

အရေးပေါ်ဌာန တာဝန်ရှိသူတွေကလည်း ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ဒေသခံတွေ ပိတ်မိနေကြောင်း သတင်းတွေ ထွက်ပေါ်လာမှုအရ အရေးပေါ်ဝန်ထမ်းတွေက တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုတွေ လုပ်ဆောင်နေခဲ့ကြောင်းလည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က