မိခင်က သမီးဖြစ်သူကို အိမ်အတွင်း ဖောက်ထွင်းဝင်ရောက်လာသူထင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။

မိခင်ဖြစ်သူ အံ့အားသင့်သွားစေရန် မပြောမဆိုနဲ့ အိမ်ပြန်လာတဲ့ ကောလိပ်ကျောင်းသူကို မိခင်က အိမ်အတွင်း ဖောက်ထွင်းဝင်ရောက်လာသူထင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့မှု အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် မြို့တစ်မြို့မှာ ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၄ ရက်နေ့ သတင်းတွေက ဖော်ပြပါတယ်။

(မိခင်က မှားယွင်းပစ်ခတ်ခဲ့သည့် ကောလိပ်ကျောင်းသူ) (Photo: Hanna Jones/Facebook)

အိုဟိုင်းယိုးပြည်နယ် Girard မြို့မှာ သောကြာနေ့ (သြဂုတ် ၃၀ ရက်) က ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း ပစ်ခတ်ခံရတဲ့ ကောလိပ်ကျောင်းသူဟာ လက်မောင်းမှာ ဒဏ်ရာရခဲ့ပေမဲ့ အသက်အန္တရာယ် မရှိခဲ့ကြောင်း ဒေသခံ ရုပ်မြင်သံကြားသတင်းဌာန WFMJ က ပြောပါတယ်။



အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူ ဟန်နာဂျုံးစ်က နေအိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး မိခင်ကို အံ့အားသင့်စေရန် ရည်ရွယ်ခဲ့ပေမဲ့ အိမ်မှာတစ်ယောက်တည်း ရှိနေခဲ့တဲ့ မိခင်က အသံတစ်သံကြားရပြီးနောက် ဖောက်ထွင်းခိုးယူသူထင်ပြီး .38 Special ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဂျွန်နော်မန်က WFMJ ကို ပြောခဲ့ပါတယ်။

(.38 Special ခြောက်လုံးပြူးသေနတ်) (Photo: AP)

"သူမ ရှိနေခဲ့တဲ့ အိပ်ခန်းတံခါးပွင့်နေတာကို သတိပြုမိသွားခဲ့တယ်၊ သူမဆီမှာလည်း သေနတ်တစ်လက်က အသင့်ရှိနေခဲ့တော့ တံခါးကိုဖြတ်ပြီး ဝင်လာသူကို တစ်ချက်ပစ်လိုက်ပါတယ်" လို့ နော်မန်က ဆိုပါတယ်။ မိခင်ဖြစ်သူဟာ သူမ သေနတ်ဖြင့်ပစ်လိုက်သူက သမီးဖြစ်နေတာကို သိရှိပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယခုဖြစ်ရပ်မှာ မိခင်ကို အရေးယူစွဲချက်တင်မှာ မဟုတ်ကြောင်း Girard မြို့မှ အစိုးရရှေ့နေ Michael Scala ကို ကိုးကားပြီး WFMJ က ကြာသတေးနေ့ (စက်တင်ဘာ ၅ ရက်) မှာ ဖော်ပြခဲ့ပါတယ်။ ရှေ့နေက ထုတ်ပြန်ခဲ့တဲ့စာမှာ ယခုဖြစ်ရပ်ကို ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်မှာမဟုတ်ကြောင်း သို့သော် လူတိုင်းအနေနဲ့ ထိုဖြစ်ရပ်ဟာ လက်ခံနိုင်စရာလို့ မထင်ကြစေလိုကြောင်း ပြောထားပါတယ်။

(Map: Google Maps)

"အဓိက မေးခွန်းက အမေက သေနတ်နဲ့ မပစ်ခင်မှာ သူမရဲ့ သမီးဟုတ် မဟုတ် သိရှိအောင်လုပ်ဖို့ ပျက်ကွက်ခဲ့သလားဆိုတာပါပဲ၊ သက်သေအထောက်အထားကို အခြေခံပြီးတော့ နံပါတစ်က သမီးဖြစ်သူဟာ ရုတ်တရက် ရောက်လာတယ်၊ နံပါတ်နှစ် အချိန်က ညဘက်ဖြစ်နေတယ်၊ ပြီးတော့ နံပါတ်သုံးအချက်က မိခင်ဖြစ်သူဟာ အိမ်မှာတစ်ယောက်တည်း ဖြစ်နေခဲ့တယ်၊ ဒီအချက်တွေအရ မိခင်ကို စွဲချက်မတင်ခဲ့တာပါ" လို့ ရှေ့နေ Michael Scala က ရှင်းပြခဲ့ပါတယ်။

အမေရိကန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယ ပြင်ဆင်ချက်အရ ခွင့်ပြုထားတဲ့ သေနတ်ကိုင်ဆောင်မှုဟာ နိုင်ငံတစ်ဝှမ်း ပျံ့နှံ့နေပါတယ်။ အမေရိကန်မှာ ၂၀၁၇ ခုနှစ်အတွင်း သေနတ်နဲ့ဆက်နွယ်တဲ့ လူသေဆုံးမှု ၄၀,၀၀၀ နီးပါးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က