စီးနင်းမှုတွေကို အဓိက မြို့ကြီး ၁၀ မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဆိုင်ရာဌာနက နိုင်ငံတစ်ဝှမ်း စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ယခု သီတင်းပတ်ကုန်မှာ စီးနင်းရှာဖွေပြီး ပြည်နှင်ဒဏ်ပေးမှုတွေ စတင်လုပ်ဆောင်မယ်လို့ သမ္မတဒေါ်နယ်ထရန့်က သောကြာနေ့ (ဇူလိုင် ၁၂ ရက်) မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

(ICE ကို ကန့်ကွက်ဆန္ဒပြသူများ) (Photo: AFP)

"သူတို့က တရားမဝင် ရောက်လာခဲ့ကြတယ်၊ သူတို့ကို ရှာဖွေဖော်ထုတ်ပြီး သူတို့ရဲ့နိုင်ငံကို ပြန်ပို့သွားမှာပါ" လို့ ထရန့်က ပြောပါတယ်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဆိုင်ရာဌာန (Immigration and Customs Enforcement - ICE) က ပြစ်မှုကျူးလွန်ထားသူများ၊ လူဆိုးဂိုဏ်းဝင်များကဲ့သို့ လူတွေ အဓိက ပစ်မှတ်ထားမှာဖြစ်ပေမဲ့ အခြား အထောက်အထားမဲ့ လူတွေကိုလည်း စီးနင်းရှာဖွေမယ်လို့ သမ္မတထရန့်ကဆိုပါတယ်။

"တနင်္ဂနွေနေ့မှာ စတင်မှာပါ၊ သူတို့ (ICE) က တရားမဝင် နေထိုင်နေကြသူတွေကို ရှာဖွေဖော်ထုတ်ပြီး သူတို့ရဲ့ နိုင်ငံတွေကို ပြန်ပို့သွားမှာပါ၊ ဒါမှမဟုတ် ရာဇဝတ်မှုကျူးလွန်သူတွေဆိုရင်လည်း သူတို့ကို အမေရိကန်ထောင်ထဲ ပို့မှာပါ၊ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ မူလနိုင်ငံမှာရှိတဲ့ ထောင်ထဲပို့မှာဖြစ်ပါတယ်" လို့ အမေရိကန်သမ္မတက သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောခဲ့ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AP)

ရာဇဝတ်မှုကျူးလွန်သူတွေကို ပစ်မှတ်ထားပြီး စီးနင်းရှာဖွေမှု လုပ်ဆောင်သလို အမေရိကန်ကို တရားမဝင် ရောက်လာခဲ့သူတွေကိုလည်း ပစ်မှတ်ထားမယ်လို့ ထရန့်က အတည်ပြုပါတယ်။ ၎င်းတို့ဟာ အမေရိကန်ကနေ ပြန်ထွက်ခွာရမယ်လို့ ထရန့်က ပြောထားပါတယ်။

ICE ရဲ့ စီးနင်းမှုတွေကို အဓိက မြို့ကြီး ၁၀ မြို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး တရားရုံးတွေက နိုင်ငံမှနှင်ထုတ်ရန် အမိန့်ထုတ်ပြန်ညွန်ကြားထားတဲ့ တရားမဝင် နေထိုင်သူတွေကို ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ ICE က အမေရိကန်မှာ နှစ်ကာလရှည်ကြာ နေထိုင်လာခဲ့ကြပြီး နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ အမေရိကန်မှာ မွေးဖွားတဲ့ကလေးများရှိထားတဲ့ ရွှေ့ပြောင်းမိသားစုတွေကို ပစ်မှတ်ထားလာနိုင်ဖွယ်ရှိပါတယ်။

(ICE အေးဂျင့်များ စီးနင်းမှုတစ်ခု) (Photo: ICE)

အမေရိကန်တစ်ဝှမ်းရှိ ရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်း၊ လူဝင်မှုဆိုင်ရာနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ICE ရဲ့ စီးနင်းမှုတွေအတွက် ပြင်ဆင်ထားကြတယ်လို့လည်း ဆိုပါတယ်။ ICE အေးဂျင့်တွေ ရောက်ရှိလာပါက ရှာဖွေဝရမ်း သို့မဟုတ် ဖမ်းဝရမ်း မပါရှိပါက အိမ်တံခါး ဖွင့်မပေးကြရန်၊ အေးဂျင်တွေနဲ့ တွေ့ဆုံပြောဆိုမှုတွေကို မှတ်တမ်းတင်ထားကြရန်နဲ့ လူဝင်မှုဆိုင်ရာ ရှေ့နေတွေကို အကူအညီတောင်းကြရန် ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို အကြံပြုပြောကြားထားတယ်လို့ AP သတင်းက ဖော်ပြပါတယ်။

(ICE ကို ကန့်ကွက်ဆန္ဒပြသူများ) (Photo: AFP)

ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေကလည်း အမေရိကန်နိုင်ငံအတွင်း နှစ်ကာလရှည်ကြာ တရားဝင် နေထိုင်လျက်ရှိတဲ့ မိသားစုတွေကို ပြိုကွဲစေမှုနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ (ဇူလိုင် ၁၁ ရက်) က သမ္မတထရန့်အစိုးရကို သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ICE ရဲ့ အစီအစဉ်ဟာ သနားကြင်နာမှု ကင်းမဲ့ရာရောက်ကြောင်းနဲ့ တနင်္ဂနွေနေ့တွေမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ Hispanic (စပိန်ဘာသာစကားပြော လက်တင်အမေရိက နိုင်ငံသား) မိသားစုအများအပြားဟာ ဘုရားကျောင်းတွေမှာ ရှိနေကြတာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

(အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ) (Photo: AP)

"ဒီ မိသားစုတွေက အလုပ်ကောင်းကောင်းလုပ်နေကြတဲ့ ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ ကျွန်မတို့နိုင်ငံရဲ့ အဖွဲ့သားတွေပါပဲ၊ ဒီလို ရက်စက်တဲ့ အရေးယူဆောင်ရွက်မှုက ကလေးတွေကို အကြမ်းဖက်ခြိမ်းခြောက်တာဖြစ်ပြီး မိသားစုတွေကို ပြိုကွဲစေပါတယ်" လို့ နန်စီက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

အမေရိကန်မှာ တရားဝင်နဲ့ တရားမဝင် နေထိုင်ကြတဲ့ မိသားစုဝင်တွေ ရောနှောပါရှိတဲ့ မိသားစုများစွာရှိနေပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြတဲ့ မိသားစုတွေထံမှာ အမေရိကန်နိုင်ငံအတွင်း မွေးဖွားခဲ့တဲ့ ကလေးတွေလည်းရှိနေပြီး ထိုကလေးတွေဟာ အမေရိကန်မှာ တရားဝင် နေထိုင်ခွင့်ရသူတွေ ဖြစ်နေပါတယ်။

(ICE ကို ကန့်ကွက်ဆန္ဒပြသူများ) (Photo: AFP)

ထိုအခြေအနေအရ ICE က လုပ်ဆောင်သွားမယ့် အစီအစဉ်ကြောင့် တရားဝင်နဲ့ တရားမဝင် နေထိုင်နေကြတဲ့ မိသားစုတွေဟာ တစ်ကွဲတစ်ပြားစီ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ Pew Research Center ရဲ့ အဆိုအရ မေရိကန်မှာ စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၀.၅ သန်းရှိပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံဟာ နိုင်ငံအတွင်း ၁၀ နှစ်ကျော်ကြာ နေထိုင်လာခဲ့ကြသူတွေ ဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က