၁၂ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။
Ko John

တရုတ်ကမ္ဘာလှည့်ခရီးသည်များကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး အမေရိကန်နိုင်ငံ ယူတားပြည်နယ် Bryce Canyon အမျိုးသားဥယျာဉ်အနီး အဝေးပြေးလမ်းမှာ တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူလေးဦးသေဆုံးပြီး နောက်ထပ် ၁၂ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။

(Photo: Garfield County Sheriff)

ဒေသစံတော်ချန် စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ ရာသီဥတုကြောင့် မဟုတ်ကြောင်း ပြည်နယ်အဝေးပြေးလမ်း လှည့်ကင်းအဖွဲ့နဲ့ ဂါးဖီးကောင်တီရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေက ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် လူ ၃၁ ဦး လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။ ဘတ်စ်ကားဟာ လမ်းချော်တိမ်းမှောက်ကာ လိမ့်ထွက်သွားခဲ့ပြီး လမ်းဘေးအကာအရံ ဝင်တိုက်မိခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသမီး Denise Dastrup က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Utah Highway Patrol)

ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူလေးဦး သေဆုံးကြောင်း အတည်ပြုထားပြီး အခြား ၁၂ ဦးမှ ၁၅ အထိ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ဆိုပါတယ်။ ကနဦး သတင်းတွေအရ ဒဏ်ရာရသူ ခုနစ်ဦးကို စိုးရိမ်ရတဲ့အခြေအနေအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့အနက်မှ လေးဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း Denise Dastrup က Reuters ကို ပြောခဲ့ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အားလုံးဟာ မန်ဒရင်တရုတ်ဘာသာစကား ပြောဆိုသူတွေဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သေဆုံးဒဏ်ရာရသူတွေဟာ မည်သည့်နိုင်ငငံသားတွေဖြစ်ကြောင်း အတည်မပြုနိုင်သေးပါဘူး။(Photo: Garfield County Sheriff)

ဘတ်စ်ကားဟာ တိမ်းမှောက်ခဲ့ချိန်မှာ ယူတားပြည်နယ် ဆော့လိတ်မြို့ရဲ့တောင်ဘက် မိုင် ၂၇၀ ခန့်အကွာမှာရှိတဲ့ Bryce Canyon အမျိုးသားဥယျာဉ်ကို ဦးတည်မောင်းနှင်သွားနေခဲ့ပြီး ရာသီဥတုလည်း သာယာနေခဲ့ကြောင်း သိရပါတယ်။ Bryce Canyon အမျိုးသားဥယျာဉ်ဟာ စတုရန်းမိုင် ၅၅ မိုင်ကျယ်ဝန်းပြီး နှစ်စဉ် လာရောက်လည်ပတ်သူ ၂ သန်းခန့်ရှိပါတယ်။


က္က