ဂေါက်ကွင်းသုံး ကားတစ်စီးပေါ်မှာ ထိုင်နေစဉ် ဂေါက်သီးထိမှန်ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာ ဖခင် ရိုက်လိုက်တဲ့ ဂေါက်သီးဘောလုံး ထိမှန်ခံရပြီးနောက် အသက်ခြောက်နှစ်အရွယ် သမီးဖြစ်သူ သေဆုံးသွားခဲ့ကြောင်း AP သတင်းဌာနက ယနေ့ (ဇူလိုင် ၁၈ ရက်) ဖော်ပြပါတယ်။

(Photo: AP)

အေရီယာဟေးလ်နဲ့ ဖခင်ဖြစ်သူတို့ဟာ သူမရဲ့ဦးလေး ဘရေဒန်ဟေးလ်နဲ့အတူ Utah ပြည်နယ်မြို့တော် ဆော့လိတ်မြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာ အိုရမ်မြို့ရှိ Sleepy Ridge ဂေါက်ကွင်းမှာ ဂေါက်သီးရိုက်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Washington Post သတင်းမှာ ဖော်ပြထားမှုအရ အေရီယာက သူမရဲ့ဖခင် ဂေါက်သီးရိုက်တဲ့နေရာမှ ဘယ်ဖက် ၁၅ ကိုက်မှ ကိုက် ၂၀ အကွာရှိ ဂေါက်ကွင်းသုံး ကားတစ်စီးပေါ်မှာ ထိုင်နေခဲ့တယ်လို့ သိရပါတယ်။ ထိုစဉ် ဖခင်ဖြစ်သူ ရိုက်လွှတ်လိုက်တဲ့ ဂေါက်သီးဘောလုံးက အေရီယာရဲ့ ဦးခေါင်းနောက်ဘက်ပိုင်း လည်ဂုတ်နေရာကို ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

(Photo: CNN)

ဂေါက်သီးထိမှန်ခံရတဲ့ အေရီယာကို ဆော့လိတ်မြို့ ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဂေါက်သီးဘောလုံး ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့တယ်လို့ အိုရမ်မြို့ ရဲတပ်ဖွဲ့မှ ရဲအရာရှိ Trent Colledge က ပြောခဲ့ကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။ ဂေါက်သီးထိမှန်ခံရပြီး သေဆုံးခဲ့မှုဟာ ဝမ်နည်းစရာ မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်တာကြောင့် အမှုဖွင့်တရားစွဲဆိုရန် အစီအစဉ်မရှိကြောင်းလည်း ရဲအရာရှိက ဆိုပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂေါက်ကွင်းမှ ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားအသင်း ဥက္ကဋ္ဌဖြစ်သူ Steen Marett က ၎င်းအနေနဲ့ ဂေါက်သီးဘောလုံး ထိမှန်ခံရမှုတွေကို တွေ့ခဲ့ဖူးကြောင်း သို့သော် ဂေါက်ကွင်းကို အလည်လိုက်လာသူတွေ ယခုကဲ့သို့ ဂေါက်သီးထိမှန်ကာ အပြင်းအထန် ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုမျိုး မကြားခဲ့ဖူးကြောင်း Deseret News သတင်းဌာနကို ပြောပါတယ်။

(Photo: David Smith)

ကံဆိုးစွာဖြင့် ဂေါက်သီးထိမှန် သေဆုံးခဲ့တဲ့ အေရီယာဟာ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိသူဖြစ်ကာ မိဘတွေနဲ့သာ အနေများတယ်လို့ သူမရဲ့ ဆွေမျိုးတွေက ဆိုပါတယ်။ အေရီယာဟာ ဖခင်နဲ့အတူ ဂေါက်ကွင်းကို လိုက်ပါသွားလေ့ရှိပြီး ၎င်းတို့သားအဖနှစ်ဦး အတူတကွ သွားလာမှုတွေအနက် အနှစ်သက်ဆုံးတစ်ခုလည်းဖြစ်ကြောင်း သူမရဲ့ ဦးလေး ဒေးဗစ်စမစ်သ်က ပြောပါတယ်။ အေရီယာက သမီးအကြီးဆုံးဖြစ်ပြီး သူမမှာ မောင်လေးနှစ်ဦးရှိကြောင်းလည်း သိရပါတယ်။

(Image: GoFundMe website screen capture)

အေရီယာရဲ့ ဖြစ်ရပ်ကိုသိရှိပြီးနောက် GoFundMe ဝက်ဘ်ဆိုက်မှာ သူမရဲ့ ဆေးကုသမှုနဲ့ နာရေးအခမ်းအနားအတွက် ရန်ပုံငွေကောက်ခံခဲ့ရာ ရည်ရွယ်ထားတဲ့ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကိုကျော်လွန်ပြီး တစ်ရက်အတွင်း လူ ၅၆၈ ဦးက စုစုပေါင်း ၂၅,၁၂၆ ဒေါ်လာ ကူညီထည့်ဝင်ခဲ့ကြတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က