ခွေးသုံးကောင်က ဝိုင်းကိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
Ko John

အမေရိကန် ဒက်ထရိုက်မြို့မှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို ကိုက်သတ်ခဲ့တဲ့ ခွေးသုံးကောင်ရဲ့ ပိုင်ရှင်ဖြစ်သူအား လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

(အမ်မာ အမှတ်တရ ဓာတ်ပုံများပြင်ဆင်ထားမှု) (Photo: Ryan Garza/Detroit Free Press)

ယခုသီတင်းပတ် အစောပိုင်းက မိန်းကလေးကို သေတဲ့အထိ ဝိုင်းကိုက်ခဲ့ကြတဲ့ ခွေးသုံးကောင်ရဲ့ ပိုင်ရှင်အား ဒုတိယဒီဂရီ လူသတ်မှု အပါအဝင် စွဲချက်များတင်ခဲ့ပြီး ဒေါ်လာ ၂ သန်းတန် ခံဝန်ချုပ်ဖြင့် ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် ပီရာရီကလီဗီလန်းကို ကြာသပတေးနေ့ (သြဂုတ် ၂၂ ရက်) မှာ ဖမ်းဆီးခဲ့ပြီးနောက် တမင်ရည်ရွယ်ခြင်းမဟုတ်တဲ့ လူသေစေမှု၊ အန္တရာယ်ရှိ တိရိစ္ဆာန်များ ပိုင်ဆိုင်ထားမှုနဲ့ လူသတ်မှုတို့ဖြင့် စွဲချက်များတင်ခဲ့ကြောင်း Detroit Free Press အပါအဝင် အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

(ခွေးများဝိုင်းကိုက်ခံရပြီး သေဆုံးခဲ့ရှာတဲ့ အမ်မာ) (Photo: Calaudia Stapleton)

ခွေးသုံးကောင် ဝိုင်းကိုက်ခံရပြီး သေဆုံးခဲ့တဲ့ ၉ နှစ်အရွယ် အမ်မာဟာနန်ဒက်ဇ် အမည်ရှိ မိန်းကလေးငယ်ဟာ တနင်္လာနေ့ (သြဂုတ် ၁၉ ရက်) က ဒက်ထရိုက်မြို့ရှိ သူမရဲ့နေအိမ်အနီး စက်ဘီးစီးနေခဲ့စဉ် ခွေးများဝိုင်းကိုက်ခံခဲ့ရပါတယ်။ အိမ်နီးနားချင်းတွေက သူမကို ကယ်တင်ရန်ကြိုးပမ်းခဲ့ကြပေမဲ့ အမ်မာဟာ ခွေးကိုက်ခံရတဲ့ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်။

အမ်မာကို ခွေးများဝိုင်းကိုက်နေစဉ် အိမ်နီးချင်းတစ်ဦးက ခွေးတွေကို အုတ်ခဲဖြင့်ထုခဲ့ပြီး ဒုတိယ အိမ်နီးချင်းတစ်ဦးက ခွေးတစ်ကောင်း ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ မီဒီယာတွေက ပြောပါတယ်။ ယမန်နေ့ ကလီဗီလန်းကို တရားရုံးထုတ် ကြားနာခဲ့စဉ် မိသားစုက ငိုကြွေးခဲ့ကြပြီး ၎င်းက အပြစ်မရှိကြောင်း လျှောက်လှဲခဲ့ပါတယ်။

(အမ်မာကိုကူညီရန် ကြိုးပမ်းခဲ့သူက ရဲအရာရှိကို ရှင်းပြနေစဉ်) (Photo: Max Ortiz/Detroit News via AP)

ကလီဗီလန်းရဲ့ရှေ့နေ အမ်မတ်ဂရင်းဝုဒ်က ခံဝန်ချုပ်တန်ကြေး ဒေါ်လာ ၂ သန်းကို လျှော့ချပေးရန် တရားသူကြီးတွေကို ပြောခဲ့ပါတယ်။ ၎င်းရဲ့အမှုသည် ကလီဗီလန်းဟာ ယခင် ပြစ်မှုမှတ်တမ်းဟောင်း မရှိဘဲ ထွက်ပြေးမှာလည်း မဟုတ်တာကြောင့် ခံဝန်ချုပ်တန်ကြေးကို လျှော့ချပေးရန် ရှေ့နေက လျှောက်ထားခဲ့ပါတယ်။ သို့သော် တရားသူကြီးက လျှောက်ထားမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ခွေးများပိုင်ရှင် ကလီဗီလန်းရဲ့ နေအိမ်ဟာ ခွေးကိုက်ခံရပြီး သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ရဲ့နေအိမ်မှ လမ်းတစ်ဖက်ခြမ်းမှာ ရှိတယ်လို့ဆိုပါတယ်။ သတင်းတွေရဲ့ အဆိုအရ ကလီဗီလန်းရဲ့ ခွေးတွေဟာ ပျက်စီးနေတဲ့ ခြံစည်းရိုးကနေ အပြင်ကိုထွက်ပြေးလာတတ်ကြောင်း အိမ်နီးချင်းတွေက အာဏာပိုင်တွေက တိုင်ကြားခဲ့တာ ကြာပြီလို့လည်း သိရပါတယ်။

(Photo: GoFundMe)

ခွေးပိုင်ရှင်ရဲ့ နေအိမ်ခြံစည်းရိုးဟာ ခွေးတွေကို ထိန်းသိမ်းထားရန် လုံလောက်တဲ့ ခိုင်မာမှုမရှိကြောင်း သတိပေးခဲ့ကြဖူးတယ်လို့ သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ရဲ့ဖခင် အာမန်ဒို ဟာနန်ဒက်ဇ်က ပြောပါတယ်။ ခွေးသုံးကောင်း ဝိုင်းကိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမ်မာရဲ့နာရေးအတွက် GoFundMe ဝက်ဘ်ဆိုက်မှာ အလှူငွေထည့်ဝင်နိုင်ရန် စီစဉ်ပေးထားကြောင်းလည်း သိရပါတယ်။


က္က