နျူကလီးယားအရေး ဆွေးနွေးမှုတွေ ပြန်မစမီ ရက်ပိုင်းအလိုမှာ ဒုံးကျည်စမ်းသပ်ခဲ့ကြပါတယ်။
Ko John

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့က တစ်ရက်တည်းမှာပင် ၎င်းတို့ရဲ့ ဒုံးကျည်များကို စမ်းသပ်ခဲ့ကြပါတယ်။ အမေရိကန်စစ်တပ်က Minuteman III တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားကလည်း ရေငုပ်သင်္ဘောမှပစ်လွှတ်တဲ့ ဒုံးကျည်သစ်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

(အမေရိကန်က Minuteman III ဒုံးကျည်စမ်းသပ်မှု) (Photo: Reuters)

အမေရိကန်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောက်တိုဘာ ၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁ နာရီ ၁၃ မိနစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Vandenberg လေတပ်အခြေစိုက်စခန်းကနေ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အမေရိကန်ဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ၄,၁၉၄ မိုင် အကွာအဝေးကို ရောက်ရှိခဲ့ကြောင်း Air Force Global Strike Command က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"ဒုံးကျည်စမ်းသပ်မှုက အမေရိကန်ရဲ့ နျူကလီးယားကိုဟန့်တားနိုင်စွမ်းဟာ တောင့်တင်းခိုင်မာမှု၊ ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ အသင့်ဖြစ်မှုနဲ့ ၂၁ ရာစု ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရန်လိုအပ်ချက်နဲ့ အံ့ဝင်ခွင်ကျဖြစ်မှုရှိကြောင်း ထင်ရှားစေပြီး ကျွန်ုပ်တို့ရဲ့ မဟာမိတ်တွေ လုံခြုံရေးကို အာမခံချက်ရှိစေတယ်" လို့ Air Force Global Strike Command က ဆိုပါတယ်။

(ဒေါ်နယ်ထရန့်နှင့် ကင်မ်ဂျုံအန်) (Photo: Susan Walsh/AP/TT)

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ ကမ္ဘာမှာ လတ်တလောဖြစ်နေတဲ့ ဖြစ်ရပ်တွေ သို့မဟုတ် ဒေသတွင်း တင်းမာမှုတွေကို တုံ့ပြန်မှုမဟုတ်ကြောင်းလည်း အမေရိကန်က ပြောပါတယ်။ အမေရိကန်နိုင်ငံက ဆယ်စုနှစ်များကြာ အချိန်ပေးပြီး ဒေါ်လာဘီလီယံနဲ့ချီ အကုန်အကျခံကာ ရန်သူက ပစ်လွှတ်လာမယ့် ပဲ့ထိန်းဒုံးကျည်များကို ဟန့်တားဖျက်ဆီးနိုင်ရန် နည်းပညာတွေကို အကောင်အထည်ဖော်နေခဲ့ကြောင်းလည်း သိရပါတယ်။

အမေရိကန်နဲ့ ရန်ဘက်အဖြစ်ရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံက ၂၀၁၇ ခုနှစ်မှာ Hwasong-15 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပိုင်ဆိုင်လာခဲ့ပြီး အဆိုပါ ဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးရဲ့ နေရာအားလုံးသို့ ရောက်ရှိနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောထားပါတယ်။

(မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု) (Photo: KCNA)

ယမန်နေ့မှာ အမေရိကန်ကဲ့သို့ပင် မြောက်ကိုရီးယားကလည်း ရေငုပ်သင်္ဘောမှပစ်လွှတ်တဲ့ ဒုံးကျည်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၃ ရက်) အတည်ပြုခဲ့ပါတယ်။ မြောက်ကိုရီးယားက အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ရန် ရက်ပိုင်းအလိုမှာ ယခု ဒုံးကျည်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောမှပစ်လွှတ်တဲ့ ဒုံးကျည်အမျိုးအစားသစ်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်ပိုင်ဆိုင်မှုကို နောက်တစ်ဆင့်မြင့်တက်စေမယ်လို့ ဆိုပါတယ်။ ပဲ့ထိန်းဒုံးကျည်သစ်ကို Wonsan ပင်လယ်အော်အနီးရှိ ရေငုပ်သင်္ဘောတစ်စီးမှ ဒေါင်လိုက်ပုံစံ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန Korean Central News Agency (KCNA) က ဖော်ပြပါတယ်။

အဆိုပါ ဒုံးကျည်ဟာ ရေငုပ်သင်္ဘောမှပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစား (SLBM) ဖြစ်ပြီး Pukkuksong-3 လို့ အမည်သတ်မှတ်ထားကြောင်း သိရပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ရပ်ဆိုင်းနေခဲ့တဲ့ နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုတွေကို ယခု သီတင်းပတ်ကုန်မှာ ပြန်လည်စတင်ရန် ပြင်ဆင်နေပါတယ်။

(မြောက်ကိုရီးယားဒုံးကျည်များ)

နှစ်နိုင်ငံကြား အောက်တိုဘာ ၄ ရက်မှာ ပဏာမဆက်သွယ်မှု ပြုလုပ်သွားမှာဖြစ်ပြီး နောက်တစ်ရက်မှာ နျူကလီးယားအရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်မယ်လို့ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Choe Son Hui က ထုတ်ပြန်ချက်မှာ ပြောထားကြောင်း KCNA က ဖော်ပြပါတယ်။ အမေရိကန်အစိုးရ ပြောခွင့်ရအမျိုးသမီး Morgan Ortagus ကလည်း မြောက်ကိုရီးယားနဲ့ နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုတွေရှိလာမယ်လို့ အတည်ပြုထားကြောင်း သိရပါတယ်။

Source: AFP, Reuters


က္က