အိုဘားမားအပြင် ဟီလာရီနဲ့ ဂျော့ဂျ်ဆိုရော့စ်တို့ကိုလည်း လုပ်ကြံရန်ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နယ်စပ် နယူးမက္ကစီကိုပြည်နယ် ပြည်သူ့စစ်အုပ်စုခေါင်းဆောင်နဲ့ ၎င်းရဲ့အဖွဲ့ဝင်တွေက သမ္မတဟောင်း ဘာရတ်အိုးဘားမားကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်း FBI က ပြောပါတယ်။

(ပြည်သူ့စစ်အုပ်စုခေါင်းဆောင် ဟော့ပ်ကင်းစ်) (Photo: Reuters)

FBI က ရရှိခဲ့တဲ့ သတင်းအရ အသက် ၆၉ နှစ်အရွယ် လာရီမစ်ချယ်ဟော့ပ်ကင်းစ်နဲ့ ၎င်းရဲ့အုပ်စု United Constitutional Patriots က အိုဘားမားအပြင် ဟီလာရီကလင်တန်နဲ့ ဘီလျံနာ ဂျော့ဂျ်ဆိုရော့စ်တို့ကိုလည်း လုပ်ကြံသတ်ဖြတ်ရန် ပစ်မှတ်ထားပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခု သီတင်းပတ်အတွင်း တရားရုံးက ထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်းတွေထဲမှာ ထိုသို့ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း ဖော်ပြထားပေမဲ့ ဟော့ပ်ကင်းစ်က မည်သည့်အချိန်မှာ ထုတ်ဖော်ပြောခဲ့ကြောင်းကိုတော့ တရားရုံး စာရွက်စာတမ်းတွေမှာ မတွေ့ခဲ့ရပါဘူး။ ဟော့ပ်ကင်းစ်ရဲ့ ရှေ့နေကတော့ ယခု စွပ်စွဲချက်တွေကို ငြင်းဆိုထားခဲ့ကြောင်း သိရပါတယ်။

(United Constitutional Patriots အဖွဲ့ဝင်တစ်ဦး) (Photo: AFP)

"ဒါက လုံးဝကို မှားပါတယ်၊ ဒီလိုလုပ်ဖို့ ဘာအစီအစဉ်မှ မရှိခဲ့ပါဘူး" လို့ ရှေ့နေ ကယ်လီ အိုကွန်နယ်လ်က NBC News ကို ပြောခဲ့ပါတယ်။ မစ္စတာဟော့ပ်ကင်းစ်ကိုတော့ တနင်္လာနေ့ (ဧပြီ ၂၂ ရက်) က နယူးမက္ကစီကိုပြည်နယ် Las Cruces တရားရုံးမှာ သေနတ်တစ်လက်နဲ့ ကျည်ကပ် လက်ဝယ်ပိုင်ဆိုင်မှုဖြင့် တရားစွဲဆို ကြားနာစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ဟော့ပ်ကင်းစ်ရဲ့ ပြည်သူ့စစ်အုပ်စုက အမေရိကန်-မက္ကစီကို နယ်စပ်အနီး သဲကန္တာရထဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုကြောင့် သတင်းကြီးခဲ့ပြီးနောက် ၎င်းကို စနေနေ့ (ဧပြီ ၂၀ ရက်) မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

(အမေရိကန်-မက္ကစီကို နယ်စပ်တံတိုင်း) (Photo: Getty Images)

၎င်းတို့ စိတ်ဆန္ဒအလျောက် ဖွဲ့စည်းထားခဲ့တဲ့ ပြည်သူ့စစ်အုပ်စုကတော့ အမေရိကန်နယ်စပ်မှာ တရားမဝင် ဖြတ်ကျော်ဝင်ရောက်သူတွေကို ကင်းလှည့်စောင့်ကြပ်နေတဲ့ US Border Patrol ဌာနကို ကူညီပေးနေခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သို့သော် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေ့ကြရတဲ့ အဆိုပါ ပြည်သူ့စစ်အုပ်စုရဲ့ လုပ်ရပ်တွေကိုတော့ အများပြည်သူဆိုင်ရာ အခွင့်အရေးအုပ်စုတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ရှုတ်ချခဲ့ကြပါတယ်။

အမေရိကန် FBI က နယူးမက္ကစီကိုပြည်နယ်မှာ United Constitutional Patriots အုပ်စု ဖွဲ့စည်းထားမှုကို ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ် သိရှိခဲ့တယ်လို့ဆိုပါတယ်။ အေးဂျင်တစ်ဦးဖြစ်သူ ဒေးဗစ်ဂါဘရီရယ်ရဲ့ အဆိုအရ အဆိုပါ ပြည်သူ့စစ်အုပ်စုက ဟော့ပ်ကင်းစ်ရဲ့ နေအိမ်မှာ အခြေစိုက်ပြီး အဖွဲ့ဝင် ၂၀ ခန့်ရှိကြောင်းနဲ့ AK-47 အပါအဝင် လက်နက်များကိုင်ဆောင်ထားကြောင်း ၂၀၁၇ ခုနှစ်အတွင်း FBI က သတင်းရရှိခဲ့တယ်လို့ သိရပါတယ်။

(အိုဘားမား၊ ဟီလာရီကလင်တန်နှင့် ဂျော့ဂျ်ဆိုရော့စ်) (Photo: Washington Examiner)

"ဟော့ပ်ကင်းစ်က United Constitutional Patriots အုပ်စုဟာ ဂျော့ဂျ်ဆိုရော့စ်၊ ဟီလာရီကလင်တန်နဲ့ ဘာရတ်အိုဘားမားတို့ကို လုပ်ကြံသတ်ဖြတ်ရန် လေ့ကျင့်နေခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်၊ သူတို့တွေက လက်ဝဲအုပ်စု Antifa ကို အားပေးထောက်ခံတာကြောင့် ဟော့ပ်ကင်းစ်တို့က လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေခဲ့တာဖြစ်တယ်" လို့ မစ္စတာဂါဘရီရယ်က ပြောခဲ့ပါတယ်။ ဟော့ပ်ကင်းစ်ရဲ့ ရှေနေကတော့ ၎င်းရဲ့အမှုသည်ကို ၂ နှစ်ကြာခဲ့ပြီးမှ မည်သည့်အတွက် တရားစွဲဆိုရကြောင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်း ဟော့ပ်ကင်းစ်ရဲ့ နေအိမ်ကို FBI က ရှာဖွေခဲ့ကြရာမှာ လက်နက်များကို တွေ့ခဲ့ရပြီး ၎င်းရဲ့ဇနီးဖြစ်သူ ပိုင်ဆိုင်တာဖြစ်ကြောင်း ဟော့ပ်ကင်းစ်က ပြောခဲ့ပါတယ်။ သို့သော် ထိုစဉ်က ဟော့ပ်ကင်းစ်ကို ဖမ်းဆီးခဲ့ခြင်းမရှိဘူးလို့လည်း ရှေ့နေ့ဖြစ်သူ အိုကွန်နယ်လ်က ထောက်ပြခဲ့ပါတယ်။

(ဟော့ပ်ကင်းစ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်) (Photo: Getty Images)

"တစ်ကယ်လို့ အဲဒါက ပြစ်မှုမြောက်တယ်ဆိုရင် ဘာကြောင့် သူ့ကို မဖမ်းခဲ့တာလဲ" လို့ ဟော့ပ်ကင်းစ်ရဲ့ရှေ့နေက မေးခွန်းထုတ်ခဲ့ပါတယ်။ လက်ရှိမှာ ဟော့ပ်ကင်းစ်ဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံမယ့်အရေး ရင်ဆိုင်ရကာ ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေးထားပြီး အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ငွေဒဏ်ချမှတ်ခံရတယ်လို့ Las Cruces Sun-News သတင်းက ပြောပါတယ်။

အမေရိကန် ဥပဒေအရ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားကြောင်းနဲ့ ဟော့ပ်ကင်းစ်ဟာ ယခင်က ရာဇဝတ်ပြစ်မှု တစ်ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ဖူးကြောင်း FBI က ဆိုပါတယ်။ ဟော့ပ်ကင်းစ်ဟာ ၁၉၉၆ ခုနှစ်မှာ မောင်းတင်ထားတဲ့ သေနတ်တစ်လက် လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ပြစ်မှုကျူးလွန်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၀၆ ခုနှစ်ကလည်း အော်ရီဂွန်ပြည်နယ်မှာ ဟော့ပ်ကင်းစ်က သေနတ်တစ်လက် ကိုင်ဆောင်ပြီး ရဲအရာရှိအဖြစ် ဟန်ဆောင်မှုကျူးလွန်ခဲ့ဖူးကြောင်း သိရပါတယ်။ ဟော့ပ်ကင်းစ်ကို အကျဉ်းချထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်မှာ တရားရုံးကြားနာမှု ပြုလုပ်သွားမှာဖြစ်ပါတယ်။

Share

က္က