သံသယရှိကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Ko John

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်ရှိ သတင်းစာတိုက်တစ်ခုမှာ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။




သေနတ်သမားက အန်နာပိုလစ်မြို့မှာရှိတဲ့ မြို့တော်ဂေဇက် (Capital Gazette) သတင်းစာတိုက် အဆောက်အအုံကို ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ဝင်ရောက်လာခဲ့ပြီးနောက် ၎င်းပစ်မှတ်ထားသူကို ရှာဖွေခဲ့ပြီးနောက် သတင်းခန်းထဲကို တရစပ် ဦးတည်ပစ်ခတ်ခဲ့တယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

"စားပွဲခုံအောက်မှာ ဝင်ပုန်းနေရပြီး လူတွေ သေနတ်ထိမှန်ခံရတဲ့ အသံတွေနဲ့ သေနတ်သမားက ကျည်ကပ်ဖြည့်တဲ့ အသံတွေကို ကြားနေရတာလောက် တုန်လှုပ်ခြောက်ခြားပြီး ကြောက်စရာကောင်းတာ မရှိတော့ပါဘူး" လို့ ဇွန်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ သတင်းစာတိုက် ပစ်ခတ်မှုကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ သတင်းထောက် ဖီးလ်ဒေးဗစ်က Twitter မှာ ရေးခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအနက် Captial  Gazette ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ ရော့ဘ်ဟိုင်ဆန်လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ လူသေဆုံးမှုအများဆုံး အမေရိကန် မီဒီယာအဖွဲ့အစည်းတစ်ခု တိုက်ခိုက်ခံရမှု ဖြစ်လာခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် Captial  Gazette အယ်ဒီတာ ရော့ဘ်ဟိုင်ဆန်



မြို့တော်ဂေဇက် သတင်းစာတိုက်မှာ ပစ်ခတ်ခဲ့ကြောင်း သံသယရှိကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူက ရဲအရာရှိတွေရဲ့ မေးမြန်းမှုကို ဖြေကြားခြင်းမပြုဘဲ စစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက CBS သတင်းဌာနကို ပြောကြားခဲ့မှုအရ သံသယရှိသူဟာ ၎င်းကို မည်သူဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရန်အတွက် လက်ဗွေရယူခြင်းမပြုနိုင်ရန် လက်ချောင်းထိပ်တွေကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ထားခဲ့တယ်လို့လည်း သိရပါတယ်။

သတင်းစာတိုက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဂျာရော့ဒ်ရာမို့စ်



သတင်းစာတိုက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူဟာ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဂျာရော့ဒ်ရာမို့စ် (Jarrod Ramos) အမည်ရှိ အမျိုးသားဖြစ်ပြီး ၎င်းကို ဖမ်းဆီးစဉ်မှာ ပြန်လည်ခုခံခြင်းမရှိဘဲ လက်နက်ချအဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။



ရာမို့စ်က သတင်းစာတိုက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပုံရပြီး ၎င်းရဲ့ကျောပိုးအိတ်အတွင်းမှာ လက်ပစ်ဗုံးနဲ့ မီးခိုးဗုံး အတုတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ရာမို့စ်က The Capital သတင်းစာရဲ့ ပင်တိုင် သတင်းဆောင်းပါးရှင် အဲရစ်ဟတ်လေ၊ အယ်ဒီတာနဲ့ ထုတ်ဝေသူ သောမတ်စ် မာကွက်ဒ်တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ မေရီလန်းပြည်နယ်ရဲ့ ဒုတိယတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ အဆိုပါအမှုမှာ The Capital သတင်းစာနဲ့ သတင်းဆောင်းပါးရှင်တို့ အနိုင်ရသွားခဲ့တယ်လို့ Balitimore Sun သတင်းစာက ဖော်ပြထားပါတယ်။



သတင်းစာတိုက်ကို ဝင်ရောက်ပစ်ခတ်ရာမှာ သေနတ်အရှည်တစ်လက်ကို အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ သတင်းစာတိုက် အဆောက်အအုံမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတစ်ခုကိုလည်း တွေ့ရှိခဲ့ပြီး ဖျက်စီးပစ်ခဲ့ကြောင်း အန်နာပိုလစ်မြို့ Anne Arundel ကောင်တီ ရဲတပ်ဖွဲ့မှ လက်ထောက်အကြီးအကဲ ဝီလီယံခရပ့်က ပြောပါတယ်။


ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အဆောက်အအုံထဲမှာ အခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ရုံးခန်းတွေလည်းရှိပြီး လူ ၁၇၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ဝါရှင်တန်ဒီစီ အရှေ့ဘက်မှာရှိတဲ့ အန်နာပိုလစ်မြို့ရှိ သတင်းစာတိုက်ရုံးခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ စစ်ပွဲနယ်မြေတစ်ခုအသွင်ပင် ဖြစ်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့သူ သတင်းထောက်ဒေးဗစ်က Twitter မှာ ရေးထားပါတယ်။


သေနတ်သမားက ပစ်ခတ်မှုရပ်လိုက်ချိန်မှာပင် စားပွဲအောက်မှာ ပုန်းနေခဲ့တဲ့ လူအများအပြားဟာ အပြင်ကို မထွက်ရခဲ့ကြကြောင်းလည်း ၎င်းက ပြောပါတယ်။ ယခု ပစ်ခတ်မှုနဲ့ပတ်သက်ပြီး FBI နဲ့ Bureau of Alcohol, Tobacco, Firearms and Explosives အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်နေကြောင်း သိရပါတယ်။

နယူးယော့ခ်ရဲတပ်ဖွဲ့ (New York City Police Department - NYPD) က ကြိုတင်ကာကွယ်မှုအဖြစ် နယူးယော့ခ်မြို့ဝန်းကျင်ရှိ မီဒီယာအဖွဲ့အစည်း နေရာတွေကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့များ စေလွှတ်ချထားကြောင်း ပြောခဲ့ပါတယ်။



ယခု ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သတင်းစာတိုက်ဟာ Captital Gazette Communications ရဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး The Capital အမည်ဖြင့် နေ့စဉ်ထုတ်သတင်းစာနဲ့ ဒစ်ဂျစ်တယ်သတင်းဝက်ဘ်ဆိုက်ကို လည်ပတ်လုပ်ကိုင်နေပါတယ်။ Capital Gazette Communications က ဒေသတွင်း သတင်းစာအချို့ ထုတ်ဝေလျက်ရှိပြီး Baltimore Sun မီဒီယာအုပ်စုက ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ


Author


က္က