တိုက်လေယာဉ်တွေက တစ်နာရီ မိုင် ၃၅၀ နီးပါး အမြန်နှုန်းဖြင့် ပျံသန်းသွားခဲ့တာပါ။
Ko John

အမြန်နှုန်း တစ်နာရီလျှင် မိုင် ၃၅၀ နီးပါအထိဖြင့် ပျံသန်းသွားတဲ့ အမေရိကန် တိုက်လေယာဉ်နှစ်စီးနဲ့ လေထီးခုန်သမားနှစ်ဦးတို့ လေထဲမှာ တိုက်မိလုနီးပါးဖြစ်ခဲ့ကြောင်း အစီရင်ခံစာတစ်ခုက ထုတ်ဖော်ခဲ့ပါတယ်။

(အမေရိကန် F15 တိုက်လေယာဉ်တစ်စီး) (Photo: Andrew Parsons/PA)

လေထီးခုန်သမားတွေရဲ့ ဦးထုပ်မှာတပ်ဆင်ထားတဲ့ ကင်မရာမှတ်တမ်းထဲမှာ ၎င်းတို့အောက်ဘက်ကနေ F-15 တိုက်လေယာဉ်တွေ ပျံသန်းသွားမှုကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်နှစ်စီးနဲ့ တိုက်မိလုနီးပါးဖြစ်ခဲ့စဉ် လေထီးခုန်သမားနှစ်ဦးဟာလည်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် အောက်ဘက်ကို ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။



လေကြောင်းပျံသန်းမှု ထိန်းသိမ်းရေးအနေနဲ့ RAF Lakenheath စခန်းမှ တိုက်လေယာဉ်မှူးတွေကို Cambridgeshire လေထီးခုန်စခန်းမှာ လေထီးခုန်တဲ့ အစီအစဉ်ရှိကြောင်းကို ကြိုတင်ပြောထားသင့်တယ်လို့ UK Airprox Board ရဲ့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

(RAF Lakenheath မှ အမေရိကန်တိုက်လေယာဉ်များ) (Photo: @48thFighterWing/Twitter)

အင်္ဂလန်နိုင်ငံရှိ Royal Air Force Lakenheath (RAF Lakenheath) စခန်းမှာ အမေရိကန်လေတပ်နဲ့ စစ်ဘက်ဆိုင်အမှုထမ်းတွေ အခြေစိုက်တပ်စွဲထားကြောင်း သိရပါတယ်။ RAF Lakenheath ဟာ အမေရိကန်လေတပ်ရဲ့ 48th Fighter Wing တိုက်လေယာဉ်အုပ်စု အခြေစိုက်စခန်းလည်း ဖြစ်ပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်လေတပ်စခန်းက ၎င်းရဲ့တိုက်လေယာဉ်မှူးတွေကို လေထီးခုန်မှုများအား သတိပြုကြ ပျံသန်းကြရန် ပြန်လည်မှာကြားခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ လေထီးခုန်သမားတွေနဲ့ အမေရိကန်တိုက်လေယာဉ်တွေဟာ တိုက်မိရန် မည်မျှအထိ နီးကပ်သွားခဲ့ကြောင်းကိုတော့ UK Air Board အစီရင်ခံစာက မပြောနိုင်ခဲ့ပါဘူး။

(အမေရိကန် F15 တိုက်လေယာဉ်တစ်စီး) (Photo: Getty Images)

အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ Chatteris လေယာဉ်ကွင်း ကောင်းကင်ယံမှာဖြစ်ခဲ့ကြောင်းနဲ့ ဒုတိယဆင့် အန္တရာယ်အရှိဆုံး ဖြစ်ရပ်တစ်ခုအဖြစ် UK Air Board က သတ်မှတ်ခဲ့ပါတယ်။ UK Airprox Board အဖွဲ့က လေထီးခုန်သမားတစ်ဦးရဲ့ ဦးထုပ်မှာတပ်ဆင်ထားတဲ့ GoPro ကင်မရာမှတ်တမ်းကို ကြည့်ရှုခဲ့ရပြီး F-15 အမေရိကန်တိုက်လေယာဉ်များ ၎င်းတို့အောက်ဘက်ကနေ ပျံသန်းသွားမှုကို ရှင်းလင်းစွာ တွေ့ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


Author


က္က