အဲဒီအချိန်တုန်းက အမေ ဘေးကင်းဖို့ပါပဲ၊ ကျွန်တော့်အတွက် လုံးဝ မစိုးရိမ်ခဲ့ဘူး။

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာ ကြာသပတေးနေ့ (ဇူလိုင် ၁၈ ရက်) ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အထပ် ၁၉ ထပ်ပါ အဆောက်အအုံကနေ လက်ဗလာဖြင့် တွယ်ဆင်းခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ ဗီဒီယိုထွက်ပေါ်လာရာ အွန်လိုင်းအသုံးပြုသူတွေ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခဲ့ရပါတယ်။

(Photo: WPVI-TV)

6ABC Philadelphia သတင်းဌာန WPVI-TV က ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ မီးလောင်မှုဖြစ်နေတဲ့ ၁၉ ထပ် တာဝါအဆောက်အအုံရဲ့ အထပ်မြင့် အခန်းတစ်ခန်းကနေ အောက်ဘက်ကို တွယ်ဆင်းလာနေတဲ့ အမျိုးသားတစ်ဦးကို မြင်တွေ့ခဲ့ရပါတယ်။ ၎င်းဟာ အဆောက်အအုံရဲ့ ၁၅ ထပ်ကနေ တွယ်ဆင်းလာခဲ့တာဖြစ်ပြီး အမြင့်ပေ ၂၀၀ ခန့်ရှိနိုင်ကြောင်း NBC Philadelphia သတင်းက ပြောပါတယ်။



အသက် ၃၅ နှစ်အရွယ် ဂျာမိန်းအမည်ရှိ အမျိုးသားဟာ တစ်ထပ်ပြီးတစ်ထပ် လက်ဗလာဖြင့် တွယ်ဆင်းလာခဲ့ပြီးနောက် ၃ မိနစ်အတွင်းမှာပင် မြေပြင်သို့ ဘေးကင်းစွာရောက်ရှိလာခဲ့ပါတယ်။ ဂျာမိန်းက အထပ်မြင့် အဆောက်အအုံ မှန်ပြတင်းပေါက်တွေမှာ တပ်ဆင်ထားတဲ့ အကာအရံတွေကို အသုံးပြုပြီး တွယ်ဆင်းခဲ့တယ်လို့ ဖီလာဒဲလ်ဖီးယား ရဲတပ်ဖွ့စုံစမ်းစစ်ဆေးရေးမှူး စကော့စမောလ်က ပြောခဲ့ပါတယ်။

ရင်ထိတ်စရာ ဗီဒီယိုရဲ့ နောက်ခံဖြစ်ရပ်

ဂျာမိန်းဟာ နံရံတွေကို တွယ်တက် တွယ်ဆင်းတဲ့ အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။ ၎င်းဟာ ခေါင်မိုးတည်ဆောက်ပြုပြင်သူ၊ ဆောက်လုပ်ရေးအလုပ်သမားနဲ့ ကလေးအရွယ်ကတည်း စွန့်စားလိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ဂျာမိန်းကို Action News သတင်းဌာနက သီးသန့် တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ ၎င်းဟာ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲကလို ၁၉ ထပ်တိုက်ကို တွယ်ဆင်းခဲ့ရုံသာ မဟုတ်ဘဲ ကနဦးမှာ မိခင်ဖြစ်သူရှိရာ ၁၅ ထပ်မှ အခန်းကို တွယ်တက်သွားခဲ့သေးကြောင်း သိရပါတယ်။

(Photo: WPVI-TV)

အနောက်ဖီလာဒဲလ်ဖီးယားရှိ Holden Tower အထပ်မြင့် အဆောက်အအုံမှာ ဇူလိုင် ၁၈ ရက် ဒေသစံတော်ချိန် ၉ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ထိုသို့ မီးလောင်မှုဖြစ်ပွားချိန်မှာ ဂျာမိန်းက အဆောက်အအုံမှာ ရှိမနေခဲ့ဘဲ ကျန်းမာရေးမကောင်းဘဲ အိပ်ရာထဲလဲနေတဲ့ အသက် ၆၅ နှစ်အရွယ် ၎င်းရဲ့မိခင် ရှီလာဟာ ၁၅ ထပ်ရှိ အိမ်ခန်းမှာရှိနေခဲ့ပါတယ်။

၎င်းတို့မိသားစု နေထိုင်ကြတဲ့ Holden Tower မှာ မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရပြီးနောက် ဂျာမိန်းက အပြေးအလွှားရောက်ရှိလာခဲ့ပြီး မိခင်ဖြစ်သူထံ သွားရောက်ရန်ကြိုးပမ်းခဲ့ပါတယ်။ သို့သော် မီးလောင်မှုဖြစ်နေတဲ့ အဆောက်အအုံအတွင်းကို ရဲတပ်ဖွဲ့က ဝင်ခွင့်မပြုခဲ့ပါဘူး။ ထို့နောက်မှာတော့ ဂျာမိန်းက ၁၅ ထပ် အခန်းနေရာကို တွယ်တက်ခဲ့ပြီး မိခင်ဖြစ်သူ အဆင်ပြေ မပြေ သွားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: WPVI-TV)

မိခင်ဖြစ်သူကို အဆင်ပြေတာတွေ့ရပြီးနောက်မှာ ဂျာမိန်းက အဆောက်အအုံ ၁၅ ထပ်ကနေ ပြန်တွယ်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အစောပိုင်းမှာ အလုပ်လုပ်ရင်း တင်ပါးဆုံအရိုးအက်ဒဏ်ရာရရှိထားခဲ့ပေမဲ့ မိခင်ကို စိုးရိမ်စိတ်ဖြင့် ၁၉ ထပ် အဆောက်အအုံကို တွယ်တက် တွယ်ဆင်းခဲ့တဲ့ ဂျာမိန်းကို ရဲတပ်ဖွဲ့က နားလည်မှုရှိစွာဖြင့် ဖမ်းဆီးခြင်းမပြုခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: WPVI-TV)

Holden Tower မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို ည ၁၀ နာရီ ၅၆ မိနစ်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး အဆောက်အအုံရှိ အိမ်ခန်း ၁၀၀ ခန့်မှာ နေထိုင်ကြသူအားလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုအတွင်း မီးခိုးမွန်းမှုနဲ့ အပူရှိန်ကြောင့် ခြေကုန်လက်ပန်းကျမှု ဖြစ်ခဲ့တဲ့ အဆောက်အအုံမှာ နေထိုင်သူလေးဦးနဲ့ ရဲအရာရှိသုံးဦးကို ကုသပေးခဲ့ရကြောင်း သိရပါတယ်။

မေကိုစိုးရိမ်တဲ့ သားဖြစ်သူရဲ့ ဖွင့်ဟမှု

Action News နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျာမိန်းက "ကျွန်တော်တို့ ကလေးအရွယ်ကတည်းက အမိုးတွေပေါ် ခုန်ပျံကျော်လွှားနေကြပဲဗျ၊ ဒီအတွေ့အကြုံရှိတာ ကျေးဇူးတင်ရမယ်၊ တာဝါမှာ မီးလောင်နေတော့ ကျွန်တော် အထဲဝင်ပြီး အခန်းကိုသွားဖို့ ကြိုးစားသေးတယ်၊ ရဲတပ်ဖွဲ့က ဝင်ခွင့်မပြုပါဘူး၊ အပေါ်မှာ အိပ်ရာထဲလဲနေတဲ့ ကျွန်တော့်အမေရှိနေတော့ ကိုယ့်ဘာသာပဲ အပေါ်ရောက်အောင် တက်ခဲ့တာ၊ အဲဒီအချိန်တုန်းက အမေ ဘေးကင်းဖို့ပါပဲ၊ ကျွန်တော့်အတွက် လုံးဝ မစိုးရိမ်ခဲ့ဘူး၊ အမေက အိပ်ရာထဲကနေ မထနိုင်၊ လမ်းလည်းမလျှောက်နိုင်ဘူးလေ၊ ဒီတော့ မီးလောင်မှုဖြစ်ချိန်မှာ အိပ်ရာကနေထပြီး ရွှေ့ပြောင်းဖို့အတွက် အမေ အကူအညီလိုပါတယ်" လို့ ဂျာမိန်းက ပြောခဲ့ပါတယ်။

(Photo: WPVI-TV)

"ရဲအရာရှိက တာဝါထဲကို အဝင်မခံဘဲ ထွက်သွားဖို့ပြောတယ်လေ၊ ကျွန်တော် ထွက်မသွားရင် ထောင်ထဲတန်းရောက်သွားမယ်လို့ ပြောတာပေါ့၊ ဘာလို့လဲဆိုတော့ ဒါက သူ့အလုပ်ဖြစ်နေတာကိုး၊ သူက အခြေအနေကို နားလည်ခဲ့ပါတယ်၊ မီးလောင်နေတဲ့ အဆောက်အအုံ အပေါ်ထပ်မှာ ခင်ဗျားရဲ့အမေ ရှိနေချိန်မှာ ခင်ဗျား လုပ်နိုင်သမျှ ဘာမဆို လုပ်ခဲ့မှာပဲဆိုတာကို ရဲအရာရှိက သိခဲ့ပါတယ်" လို့ ဂျာမိန်းက ဆက်လက် ပြောသွားခဲ့ပါတယ်။

Source: 6ABC, WPVI-TV, CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က