၂၀၁၉ ခုနှစ် ပထမ ခြောက်လအတွင်း သစ်တောပြုန်းတီးမှုနှုန်း မြင့်တက်နေခဲ့ပါတယ်။

ဂြိုဟ်တုဓာတ်ပုံမှတ်တမ်း အချက်အလက်တွေအရ အကြမ်းဖျင်းအားဖြင့် အမေဇုန် မိုးသစ်တောရဲ့ ဘောလုံးကွင်းတစ်ကွင်းစာပမာဏဟာ မိနစ်တိုင်းမှာ ပြုန်းတီးလျော့ပါးသွားနေကြောင်း သိရပါတယ်။

(ခုတ်လှဲထားသည့် သစ်ပင်များ) (Photo: BBC)

လက်ဝဲဝါဒီ ဘရာဇီးသမ္မတသစ် ဂျဲရာဘိုလ်ဆွန်နာရိုက အမေဇုန်တောထဲမှာ စိုက်ပျိုးမြေယာဆောင်မှု ခွင့်ပြုခဲ့မှုနဲ့အတူ သစ်တောဧရိယာ ဆုံးရှုံးမှုနှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးဖြစ်တဲ့ အမေဇုန်ဟာ ကမ္ဘာတစ်ဝှမ်း ပူနွေးမှုကို နှေးကွေးလျှော့ကျစေရန် ကာဗွန်စုပ်ယူမှုအတွက် မရှိမဖြစ် အရေးပါနေပါတယ်။



အမည်မဖော်တဲ့ ဘရာဇီးအစိုးရ တာဝန်ရှိသူတစ်ဦးက BBC ကို ပြောကြားမှုအရ ၎င်းရဲ့အစိုးရဟာ သစ်တောခုတ်ထွင်ရှင်းလင်းမှုကို အားပေးနေတယ်လို့ ဆိုပါတယ်။ ဘရာဇီး အမေဇုန်တောထဲမှာ indigenous မျိုးနွယ်စု လူဦးရေတစ်သန်း နေထိုင်ကြကြောင်းလည်း သိရပါတယ်။

(ဘရာဇီးသမ္မတ ဘိုလ်ဆွန်နာရို) (Photo: AFP/Getty Images)

သစ်တောများကို ရှင်းလင်းရာမှာ မြေတူးစက်များဖြင့် သစ်ပင်ကိုတွန်းလှဲခြင်း သို့မဟုတ် အမြစ်မှတူးဖော်ထုတ်ပြီး လဲကျစေခြင်းတို့ဖြင့် လုပ်ဆောင်ကြသလို လွှဲစက်များဖြင့် သစ်ပင်အောက်ခြေမှ ပိုင်းဖြတ်ကြပါတယ်။

အမေဇုန်တောအတွင်း လတ်တလော ရှင်းလင်းခဲ့တဲ့ ကျယ်ပြန့်တဲ့ နယ်မြေတစ်ခုမှာ ကြီးမားတဲ့ သစ်ပင်များ မြေပြင်မှာလဲကျနေပြီး အရွက်များစိမ်းစိုနေဆဲဖြစ်တာ တွေ့ခဲ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ အမေဇုန်တောထဲမှာ သစ်ပင်များကို ခုတ်လှဲပြီးနောက် အကိုင်းအခက်တွေရှင်းလင်းကာ သစ်ပင်တွေကို ရောင်းချခြင်း သို့မဟုတ် မီးရှို့ပစ်ခြင်း လုပ်ဆောင်ကြပါတယ်။

(ပြုန်းတီးမှုနှုန်းမြင့်တက်နေသည့် အမေဇုန်မိုးသစ်တောတစ်နေရာ) (Photo: Alzenir Ferreira de Souza)

ထို့နောက် သစ်တောရှင်းလင်းပြီးတဲ့ နေရာမှာ စိုက်ပျိုးရေးလုပ်ရန် ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။ အမေဇုန်သစ်တောရဲ့ အခြားနေရာတွေမှာလည်း သစ်မှောင်ခိုသမားတွေက တန်ဖိုးရှိတဲ့ သစ်ပင်များကို တရားမဝင် ခုတ်လှဲရယူကာ မှောင်ခိုဈေးကွက်မှာ ရောင်းချကြတယ်လို့ သိရပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေအရ ဘရာဇီးမှာ ဘိုလ်ဆွန်နာရို သမ္မတဖြစ်လာခဲ့တဲ့ ၂၀၁၉ ခုနှစ် အစပိုင်းမှ ပထမနှစ်ဝက်အတွင်း အမေဇုန်သစ်တော ခုတ်ထွင်ရှင်းလင်းမှုဟာ သိသာစွာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ အမေဇုန် မိုးသစ်တောရဲ့ နေရာအများစုဟာ ဘရာဇီးနိုင်ငံ ပိုက်နက်ထဲမှာရှိနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က