အမေဇုန်တောအတွင်း မီးလောင်မှုနေရာ အရေအတွက် ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
Ko John

ဘရာဇီးနိုင်ငံ ပိုင်နက်အတွင်းရှိ အမေဇုန် မိုးသစ်တောမှာ ယခုနှစ်အတွင်း မီးလောင်မှုနေရာ အရေအတွက် စံချိန်တင်များပြားခဲ့ကြောင်း အာကာသသုတေသန ဂြိုဟ်တုအချက်အလက်က ဖော်ပြပါတယ်။

(တောမီးလောင်မှုများ နေရာပြဂြိုဟ်တုမြေပုံ) (Map: INPE)

ဘရာဇီး National Institue for Space Research (INPE) က ၎င်းရဲ့ ဂြိုဟ်တုအချက်အလက်တွေအရ ၂၀၁၈ ခုနှစ် ကာလတူအချိန်ကထက် ယခုနှစ်မှာ အမေဇုန်တောအတွင်း မီးလောင်မှုနေရာ အရေအတွက် ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။

INPE ရဲ့ ယခုပြောကြားမှုဟာ အဆိုပါဌာနရဲ့ အကြီးအကဲကို သစ်တောပြုန်းတီးမှု အချက်အလက်တွေနဲ့ ပတ်သက်ပြီး သမ္မတဂျဲရာဘိုလ်ဆွန်နာရိုက ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် သီတင်းပတ်အကြာမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက အမေဇုန်သစ်တောမှာ မီးလောင်မှုနေရာ စံချိန်တင်မြင့်တက်မှုနဲ့ သစ်တောပြုန်းတီးမှုနှုန်း မြင့်တက်လာခြင်းဟာ သမ္မတဘိုလ်ဆွန်နာရိုရဲ့ မူဝါဒကြောင့် ဖြစ်တယ်လို့ အပြစ်တင်ဝေဖန်ကြပါတယ်။

(ဘရာဇီးသမ္မတ ဘိုလ်ဆွန်နာရို) (Photo: Reuters)

ဘိုလ်ဆွန်နာရိုက သစ်ထုတ်လုပ်မှုနဲ့ တောင်ယာစိုက်ပျိုးသူများ တောရှင်းလင်းမှုကို အားပေးခဲ့ပြီး ၎င်းသမ္မတဖြစ်လာခဲ့တဲ့ ၂၀၁၉ ခုနှစ် အစပိုင်းမှ ပထမနှစ်ဝက်အတွင်း အမေဇုန်သစ်တော ခုတ်ထွင်ရှင်းလင်းမှုဟာ သိသာစွာ မြင့်တက်လာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အမေဇုန်တောထဲမှာ သစ်ပင်များကို ခုတ်လှဲပြီးနောက် အကိုင်းအခက်တွေရှင်းလင်းကာ သစ်ပင်တွေကို ရောင်းချခြင်း သို့မဟုတ် မီးရှို့ပစ်ခြင်း လုပ်ဆောင်ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး မိုးသစ်တောကြီးဖြစ်တဲ့ အမေဇုန်ဟာ ကမ္ဘာတစ်ဝှမ်း ပူနွေးမှုကို နှေးကွေးလျှော့ကျစေရန် ကာဗွန်စုပ်ယူမှုအတွက် မရှိမဖြစ် အရေးပါနေပါတယ်။

(အမေဇုန်တောမီးလောင်မှု) (Photo: Reuters)

ထို့အတူ အမေဇုန်တောဟာ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ် သုံးသန်းခန့်ရှိနေကြပြီး indigenous မျိုးနွယ်စု လူဦးရေတစ်သန်း နေထိုင်ကြကြောင်းလည်း သိရပါတယ်။ ဘရာဇီးမှာ ခြောက်သွေ့တဲ့ ရာသီအတွင်း တောမီးလောင်မှုတွေ မကြာခဏ တွေ့ရလေ့ရှိပေမဲ့ စိုက်ပျိုးမွေးမြူရေးအတွက် တရားမဝင် တောရှင်းရာမှာ တမင်တကာ မီးရှို့မှုတွေလည်း ရှိနေပါတယ်။

INPE ရဲ့ အဆိုအရ ဘရာဇီးမှာ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း တောမီးလောင်မှု ၇၄,၀၀၀ ဖြစ်ပွားခဲ့ကြောင်းနဲ့ စောင့်ကြည့်မှတ်တမ်းတင်မှု စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (သြဂုတ် ၁၅ ရက်) နောက်ပိုင်း တောမီးလောင်မှု ၉,၅၀၀ ကို တွေ့ရှိရကြောင်းနဲ့ အများစုဟာ အမေဇုန်တောထဲမှာ ဖြစ်ပွားခဲ့တယ်လို့လည်း INPE က ပြောပါတယ်။ (ဆော်ပေါလိုမြို့ အမှောင်ကျသွားစဉ်) (Photo: Reuters)

အမေဇုန်သစ်တောမှာ တောမီးလောင်မှုမှ ထွက်ပေါ်လာတဲ့ မီးခိုးများကြောင့် မိုင်ပေါင်း ၁,၇၀၀ ကျော်ကွာဝေးတဲ့ ဆော်ပေါလိုမြို့မှာ တနင်္လာနေ့ (သြဂုတ် ၁၉ ရက်) က အမှောင်ကျသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သို့သော် မိုးလေဝသပညာရှင်အချို့ကတော့ ဆော်ပေါလိုမြို့မှာ အမှောင်ကျသွားစေခဲ့တဲ့ မီးခိုးတွေဟာ ထိုမြို့နဲ့ပိုမိုနီးကပ်ပြီး အမေဇုန်နယ်မြေထဲမှာ မဟုတ်တဲ့ ပါရာဂွေးနိုင်ငံအတွင်း တောမီးလောင်မှုတွေကြောင့် ဖြစ်တယ်လို့ထောက်ပြကြပါတယ်။

ဘရာဇီးပိုင်နက်အတွင်း အမေဇုန်တောမှာ မီးလောင်မှုအရေအတွက် စံချိန်တင် မြင့်တက်လာခြင်းဟာ တောခုတ်ရှင်းလင်းမှုတွေနဲ့ ဆက်နွယ်နေပြီး တောမီးကြောင့် သဘာဝတ်ဝန်းကျင်အတွက် အရေးပါတဲ့ မိုးသစ်တောပျက်စီးရမှုကို သိရှိကြစေရန်အတွက် ဆိုရှယ်မီဒီယာမှာ #prayforamazonia လို့ သတ်မှတ်ထားတဲ့ hashtag နဲ့အတူ စည်းရုံးလှုံ့ဆော်မှုတွေလည်း လုပ်ဆောင်နေကြပါတယ်။ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်း အချက်အလက်တွေအရ အကြမ်းဖျင်းအားဖြင့် အမေဇုန် မိုးသစ်တောရဲ့ ဘောလုံးကွင်းတစ်ကွင်းစာပမာဏဟာ မိနစ်တိုင်းမှာ ပြုန်းတီးလျော့ပါးသွားနေကြောင်းလည်း သိရပါတယ်။

(တောမီးလောင်မှုအတွင်း သေဆုံးခဲ့သည့် တိရိစ္ဆာန်တစ်ကောင်) (Photo: @MatthewLush/Twitter)

ထိုအတောအတွင်း အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ ထုတ်ပြန်ချက်အရ အမေဇုန်ချိုင့်ဝှမ်းဒေသအတွင်း စုစုပေါင်း မီးလောင်မှုနေရာ အရေအတွက်ဟာ ယခုနှစ်မှာ ပျမ်းမျှအောက် အနည်းငယ်လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ အမေဇုန်ချိုင့်ဝှမ်းဒေသ ဘရာဇီးပြည်နယ်တွေဖြစ်တဲ့ Amazonas နဲ့ Rondonia တို့မှာ တောမီးလောင်မှုတွေ မြင့်တက်ခဲ့စဉ် Mato Grosso နဲ့ Pará တို့မှာတော့ တောမီးလောင်မှုအရေအတွက် လျော့ကျခဲ့တယ်လို့ NASA က ပြောပါတယ်။

Source: BBC, INPE, NBC News


က္က