ခရု ၂၁၅ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အင်္ဂလန်နိုင်ငံ နော်ဖော့ခ်ကောင်တီရှိ ကွန်းဂ်ဟမ်ကျေးရွာလေးမှာ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ချန်ပီယံ ခရုအပြေးပြိုင်ပွဲကို ခရု ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

(ကမ္ဘာ့ချန်ပီယံခရုနှင့် ပိုင်ရှင်ဖြစ်သူ မာရီယာ) (Photo: Mark Scase)

ခရုအပြေးပြိုင်ပွဲကို ရိုးရာတစ်ခုအဖြစ် ၁၉၆၀ ပြည့်လွန်နှစ်များမှစပြီး နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စားပွဲဝိုင်းတစ်ခုပေါ်မှာ အထူးပြင်ဆင်ထားတဲ့ အဝတ်စိုကို ဖြန့်ခင်းထားပြီး ထိုအဝတ်စိုပေါ်မှာ စက်ဝိုင်းသုံးခု ရေးဆွဲထားကာ ခရုတွေကို အပြေးပြိုင်စေတာဖြစ်ပါတယ်။ စက်ဝိုင်းသုံးခုအနက် အလယ်ဗဟိုမှ စက်ဝိုင်းပတ်လည်ကို တာထွက်နေရာအဖြစ် သတ်မှတ်ထားကာ ခရုတွေကို ထိုနေရာမှာချထားပြီး ပြေးပွဲစတင်ပါတယ်။

တာထွက်နေရာ စက်ဝိုင်းကနေ အပြင်ဘက်ဆုံး စက်ဝိုင်းနေရာကို ပထမဆုံးရောက်ရှိတဲ့ ခရုက အနိုင်ရရှိပါတယ်။ ခရုအပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ မိမိတို့ ကိုယ်ပိုင်ခရုတွေ ယူလာနိုင်သလို ပြိုင်ပွဲစီစဉ်သူတွေထံမှလည်း ခရုတစ်ကောင်ကို ရွေးချယ်ရယူနိုင်ကြောင်း သိရပါတယ်။

(ကမ္ဘာ့ချန်ပီယံခရု ဆမ်မီ ပန်းဝင်လာခဲ့စဉ်) (Photo: Mark Scase)

အပြေးပြိုင်ပွဲတွေကို မွန်းလွဲပိုင်းတစ်လျှောက် တစ်ပွဲပြီးတစ်ပွဲ ကျင်းပပြုလုပ်လာခဲ့ပြီး အဆိုပါ ပြိုင်ပွဲတွေမှာ အနိုင်ရရှိထားတဲ့ ခရုတွေက နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာတော့ လင်ကွန်လ်ရှိုင်းယားဒေသ ဂရန်သမ်မြို့လေးမှ အင်္ဂလိပ်ဆရာမ မာရီယာဝဲလ်ဘီ ရွေးချယ်ခဲ့တဲ့ ဆမ်မီအမည်ရှိ ခရုက အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးသွားခဲ့ပါတယ်။

ခရုလေး ဆမ်မီက ပန်းတိုင်ဖြစ်တဲ့ အပြင်ဘက်ဆုံး စက်ဝိုင်းကို အချိန် ၂ မိနစ်နဲ့ ၃၈ စက္ကန့်ဖြင့် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်မ ပီတိဖြစ်ရပါတယ်၊ ဒီမနက် ထွက်လာခဲ့တုန်းက ကျွန်မက သာမန် အမျိုးသမီးတစ်ယောက်ပါပဲ၊ အခုတော့ ကျွန်မက ကမ္ဘာ့ချန်ပီယံရဲ့ ပိုင်ရှင်ဖြစ်နေပြီလေ" လို့ မာရီယာဝဲလ်ဘီက ပြောခဲ့ကြောင်း ခရုအပြေးပြိုင်ပွဲ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

(၂၀၁၉ ခုနှစ် ကမ္ဘာ့ချန်ပီယံ ခရုအပြေးပြိုင်ပွဲ) (Photo: Mark Scase)

ခရုလေ့ကျင့်ရေးဆရာ နီးလ်ရိုက်စ်ဘိုရပ်ကလည်း "တစ်ကယ်မိုက်တဲ့ နေ့တစ်နေ့ပါပဲ၊ ပြိုင်ပွဲက မယုံနိုင်လောက်အောင် ဆယ်စုနှစ်တစ်ခုအတွက် အကောင်းဆုံးပါ၊ ကျွန်တော် တစ်ချိန်လုံး စိတ်လှုပ်ရှားနေခဲ့တယ်" လို့ ပြောပါတယ်။ ယခုနှစ် ကမ္ဘာ့ချန်ပီယံ ခရုအပြေးပြိုင်ပွဲကိုတော့ စုစုပေါင်း ခရုအကောင်ရေ ၂၁၅ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို ခရု ၁၃ ကောင် တက်ရောက်ခဲ့ကြပါတယ်။

ခရုပြိုင်ပွဲကို ဒေသဆိုင်ရာ ပွဲတော်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ခရုတစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ ၂၅ ဆင့်ပေးရပြီး ရရှိတဲ့ငွေအားလုံးကို ဒေသခံ လူမှုကူညီရေးအဖွဲ့အစည်းသို့ ပေးအပ်လှူဒါန်းကြောင်း သိရပါတယ်။

နောက်တစ်ကြိမ် ကမ္ဘာ့ချန်ပီယံ ခရုအပြေးပြိုင်ပွဲကိုတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ကျင်းပပြုလုပ်သွားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ၁၉၉၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ အာချီလို့ အမည်ပေးထားတဲ့ ခရုက ၁၃ လက်မရှည်လျားတဲ့ ပြေးလမ်းကြောင်းကို အချိန် ၂ မိနစ်နဲ့ ၂၀ စက္ကန့်ဖြင့် ပန်းတိုင်ရောက်ခဲ့ပြီး အမြန်ဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က