သူရဲ့ကားမှာ အလောင်းနှစ်လောင်းသာဆံ့ပေမဲ့ အလောင်းခြောက်လောင်း စုပုံထပ်လျက် သယ်ဆောင်ပေးခဲ့ဖူးပါတယ်။
Ko John

မိုဟာမက် အမေးလ်ခန်းတစ်ယောက် အိပ်ရာနိုးလာချိန်မှာ တံခါးအတွက် ခန်းဆီးလိုက်ကာတစ်ခုကိုသာ ဖြစ်သလိုတပ်ဆင်ထားပြီး ပြတင်းပေါက်မရှိတဲ့ သူ့ရဲ့ အခန်းကျဥ်းလေးထဲမှာ ပူအိုက်မွန်းကျပ်နေပါပြီ။ သူက မနက်ခင်း ဝတ်ပြုမှုလုပ်ပြီးတော့ လှေခါးကျဥ်းလေးအတိုင်း ဆင်းလာခဲ့ပါတယ်။ သူ့အတွက် သေသူတွေကို ပို့ဆောင်ပေးဖို့ အချိန်ရောက်ပါပြီ။

လူနာတစ်ယောက်အစား အလောင်းတစ်လောင်းကို သယ်သွားရတာက ကျွန့်တော့်အတွက် အဆန်းကြီးပေါ့ဗျာ

နယူးဒေလီမြို့ကို COVID-19 ကပ်ရောဂါကြီး မရောက်လာခင်ကတော့ အမေးလ်ခန်းက အိန္ဒိယမြို့တော်ကြီးမှာ အငှားယာဥ်မောင်းအဖြစ် အသက်မွေးကျောင်းနေကြတဲ့ ထောင်သောင်းချီတဲ့ လူတွေထဲက တစ်ဦးပါပဲ။ သို့သော် COVID-19 ကူးစက်မှုတွေ ဖြစ်ပွားလာပြီးနောက် ထိန်းချုပ်ကာကွယ်ရေးအတွက် အိန္ဒိယတစ်နိုင်ငံလုံးကို သုံးလနီးပါးကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားစဥ်အတွင်း အမေးလ်ခန်းတို့အတွက် အလုပ်မရှိတော့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အိန္ဒိယအစိုးရက lockdown အစီအမံတွေကို ဖြေလျှော့ပေးမှုတွေရှိခဲ့ပေမဲ့ ကူးစက်မှုတွေက ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ နယူးဒေလီမှာလည်း COVID-19 လူနာတွေ အဆမတန် များပြားလာတာကြောင့် နောက်ထပ် ရာနဲ့ချီတဲ့ ရထားတွဲတွေကို လူနာဆောင်တွေအဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ရပါတယ်။

COVID-19 ကာလမှာ အလုပ်ဖြစ်နေတာက ပုဂ္ဂလိကပိုင် လူနာတင်ကားမောင်းခြင်းဖြစ်တယ်လို့ အမေးလ်ခန်းရဲ့ သူငယ်ချင်းတစ်ယောက်က အကြံပြုခဲ့ပါတယ်။ ထို့နောက်မှာတော့ အမေးလ်ခန်းတစ်ယောက် အငှားယာဥ်မောင်းဘဝကနေ လူနာတင်ယာဥ်မောင်း ဖြစ်လာခဲ့ပါတော့တယ်။

အကာအကွယ်ဝတ်စုံတစ်စုံ မပေးခင်အထိ COVID-19 လူနာတွေကို သယ်ယူပို့ဆောင်ပေးရမယ်ဆိုတာ မသိခဲ့ဘူးလို့ အသက် ၃၈ နှစ်အရွယ် အမေးလ်ခန်းက လူနာတင်ကားမောင်းတဲ့ ပထမဆုံးနေ့က သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။ ထို့‌နောက် သိပ်မကြာခင်မှာပဲ သူ့ရဲ့ လူနာတင်ယာဥ်က နိဗ္ဗာန်ယာဥ် ဖြစ်လာခဲ့ပါတော့တယ်။ အခုအခါမှာတော့ အမေးလ်ခန်းရဲ့ နေ့ရက်တွေက COVID-19 ကြောင့် ဆုံးပါးသွားသူတွေကို ဆေးရုံကနေ မီးသင်္ဂြုဟ်တဲ့နေရာတွေနဲ့ သုသာန်တွေဆီ ပို့ဆောင်ပေးနေရခြင်းဖြင့်သာ ကုန်ဆုံးနေပါတယ်။

တစ်ခါတစ်ရံမှာ တစ်ကြိမ်လျှင် ဆုံးပါးသွားသူ ခြောက်ဦးရဲ့ အလောင်းတွေကို တစ်ခုနဲ့တစ်ခုထပ်လျက် စုပုံသယ်ဆောင်ရတာပင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အလောင်းတွေကို ပတ်ထားတဲ့အဝတ်တွေပေါ်မှာ သူတို့ရဲ့ နာမည်တွေကို ဖျက်မရတဲ့မင်ဖြင့် ရေးသားထားတယ်လို့ အမေးလ်ခန်းက ပြောပါတယ်။

တစ်ခါတစ်ရံ လူနာတင်ကားပေါ်မှာ အမေးလ်ခန်းတစ်ယောက်တည်းသာဖြစ်ပြီး အလောင်းကို ကားနောက်ခန်းကနေ သယ်ယူရန်အတွက် ကွယ်လွန်သူရဲ့ ဆွေမျိုးတွေကိုသာ အားကိုးရလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာလည်း အလောင်းတွေကို အမေးလ်ခန်းတစ်ယောက်တည်းသာ ကိုယ်တိုင်သယ်ယူရတယ်လို့ ဆိုပါတယ်။

အကာအကွယ်ဝတ်စုံဝတ်ပြီး အလုပ်လုပ်ရင် နာရီဝက်အတွင်း ကျွန်တော်တို့ အားနည်းပင်ပန်းလာတာပဲ

"လူနာတစ်ယောက်အစား အလောင်းတစ်လောင်းကို သယ်သွားရတာက ကျွန့်တော့်အတွက် အဆန်းကြီးပေါ့ဗျာ၊ ဒါပေမဲ့ အချိန်ကြာလာတော့လည်း ကျွန်တော် ဒါကြီးနဲ့ အသားကျလာပါတယ်" လို့ အမေးလ်ခန်းက သူ့ရဲ့အတွေ့အကြုံကို ပြန်ပြောင်းပြောခဲ့ပါတယ်။ လူနာတင်ကားဖြင့် အလောင်းတွေသယ်ရတဲ့ အလုပ်မှာ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ရတာက နယူးဒေလီရဲ့ ပြင်းထန်တဲ့ အပူချိန်မှာ အတော် မလွယ်ကူလှပါဘူး။

"အကာအကွယ်ဝတ်စုံဝတ်ပြီး အလုပ်လုပ်ရင် နာရီဝက်အတွင်း ကျွန်တော်တို့ အားနည်းပင်ပန်းလာတာပဲ" အမေးလ်ခန်းက ပြောပါတယ်။ အမေးလ်ခန်းနဲ့ လုပ်ဖော်ကိုင်ဖက် ယာဥ်မောင်းတွေက ပိုမိုသက်သောင့်သက်သာ ဖြစ်စေရန် ပါးလွှာတဲ့ အကာအကွယ်ဝတ်စုံတွေကို ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ သို့သော် သက်သောင့်သက်သာရှိမှုအတွက် ပေးဆပ်ရနိုင်တာကိုလည်း အမေးလ်ခန်းက ပြောခဲ့ပါသေးတယ်။

"ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တာကို ကျွန်တော်တို့ အချိန်တိုင်း စိုးရိမ်နေခဲ့ကြရတယ်" လို့ သူက ဖွင့်ဟခဲ့ပါတယ်။ အိန္ဒိယမှာ အစိုးရပိုင် လူနာတင်ကား အရေအတွက်က နည်းပါးပါတယ်။ လူအများစုက ပုဂ္ဂလိက လူနာတင်ကားတွေကိုသာ ခေါ်ယူအသုံးပြုနေကြတာ ဖြစ်ပါတယ်။ အချို့ကလည်း ဗင်ကားတွေကို လူနာတင်ကားအသွင်းပြောင်းပြီး ကားဘေးမှာ မိုဘိုင်းဖုန်းနံပါတ်တွေ ရေးသားထားကာ လိုအပ်လာပါက ဆက်သွယ်ခေါ်ယူနိုင်ရန် စီစဥ်ထားကြပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှု ဆိုးရွားတဲ့ အခြား နိုင်ငံအများအပြားနဲ့ မတူဘဲ အိန္ဒိယမှာတော့ လူနာတင်ကားမောင်းသမားတွေနဲ့ မရှိမဖြစ် ကျန်းမာရေးလုပ်သားတွေဟာ လုပ်ခလစာ နည်းပါးခြင်း၊ လေ့ကျင့်သင်တန်းပေးမှု အားနည်းခြင်း၊ ကျန်းမာရေးအာမခံမရှိခြင်းနဲ့ အလုပ်ချိန်ရှည်ကြာစွာ လုပ်ကိုင်ကြရပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တာကို ကျွန်တော်တို့ အချိန်တိုင်း စိုးရိမ်နေခဲ့ကြရတယ်

အိန္ဒိယမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုများ သိသာစွာ မြင့်တက်နေပြီး COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံထက် လေးဆပိုများကာ စုစုပေါင်း ကူးစက်ခံရသူ ၃၂၃,၀၀၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။ "ကျွန်တော်တို့က တစ်ရက်ကို ၁၂ နာရီ အလုပ်လုပ်ရတယ် ထင်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်တော့မှ ၁၂ နာရီ မကဘူး" လို့ အမေးလ်ခန်းက ဆိုပါတယ်။

"အစောပိုင်းတုန်းကတော့ အလောင်းတစ်လောင်း ဒါမှမဟုတ် နှစ်လောင်းပေါ့၊ ဒါပေမဲ့ အခုတော့ ရေခဲတိုက်အပြည့်ပဲ" လို့ သူရဲ့အတွေ့အကြုံကို အမေးလ်ခန်းက ပြောပါတယ်။ အိန္ဒိယမှာ COVID-19 ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၉,၅၀၀ ကျော်ပြီလည်း ဖြစ်ပါတယ်။ အမေးလ်ခန်းဟာ မူလတုန်းကတော့ သူ့ရဲ့ဖခင်လိုပဲ ကျောက်သမားတစ်ဦးအဖြစ် လေ့လာသင်ယူခဲ့ပေမဲ့ ထိုအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ရန် အလွန်ခက်ခဲကြောင်းတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ အမေးလ်ခန်းက Ola နဲ့ Uber အပါအဝင် အငှားယာဥ်ကုမ္ပဏီတွေမှာ အငှားယာဥ်မောင်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတာ ဖြစ်ပါတယ်။ အငှားယာဥ်မောင်းလုပ်ခဲ့စဥ် အခြေအနေကောင်းချိန်မှာ တစ်ခါတစ်ရံ တစ်ရက်လျှင် အသုံးစရိတ်နုတ်ပြီး အိန္ဒိယရူပီး ၁,၀၀၀ (မြန်မာကျပ်ငွေ ၁၈,၀၀၀ ကျော်) အထိ သူ့အတွက် ကျန်ခဲ့တယ်လို့ အမေးလ်ခန်းက ပြောပါတယ်။ ထိုစဥ်က ဝင်ငွေက သူနဲ့ သူ့ရဲ့ဇနီး ရူဘီတို့အတွက် သူတို့ရဲ့ အသက် ၇ နှစ်အရွယ် သမီးလေး ဟမ်ဒါကို ဒေသခံ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ အပ်နှံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် lockdown စတင်ခဲ့ပြီးနောက်မှာတော့ အငှားယာဥ်စီးသူ မရှိသလောက် လျော့နည်းသွားခဲ့ရာ အငှားယာဥ်ပိုင်ရှင်က အမေးလ်ခန်းကို အလုပ်ဖြုတ်လိုက်ပါတယ်။ အငှားယာဥ်မောင်းအဖြစ်ကနေ လူနာတင်ယာဥ်မောင်းနေတာကို အမေးလ်ခန်းက သူ့ရဲ့ အိမ်နီးချင်းတွေ မသိစေရန် လျှို့ဝှက်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ အလောင်းတစ်လောင်း ဒါမှမဟုတ် နှစ်လောင်းပေါ့၊ ဒါပေမဲ့ အခုတော့ ရေခဲတိုက်အပြည့်ပဲ

အမေးလ်ခန်းမိသားစုက နယူးဒေလီမြို့တော်အရှေ့ပိုင်းရှိ ဝင်ငွေနည်းသူတွေ နေထိုင်ကြတဲ့ Mandawali ခေါ် တရားမဝင် ကျူးကျော်ရပ်ကွက်မှာ နေထိုင်ကြပါတယ်။ ထိုနေရာကို ဒေလီပြည်နယ်အစိုးရက ၂၀၁၂ ခုနှစ်မှသာ တရားဝင်အဖြစ် အသိအမှတ်ပြုခဲ့လည်း ဖြစ်ပါတယ်။ အိန္ဒိယတစ်ဝှမ်းမှာ COVID-19 ကူးစက်ပျံ့နှံ့နေရာ ထိုလူနာတွေကို ပြုစုကုသပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခံခဲ့ရမှု ဆွေမျိုးနဲ့ မိတ်တွေသူငယ်ချင်းတွေက ဝိုင်းပယ်ခံရမှုတွေ ကြုံနေခဲ့ရပါတယ်။

ထိုအခြေအနေကို ကြားသိနေရတဲ့ အမေးလ်ခန်းက ၎င်း လူနာတင်ကားမောင်းနေတာကို အိမ်နီချင်းတွေ သိရှိသွားမှာ စိုးရိမ်ပူပန်နေပါတယ်။ "သူတို့က ကျွန်တော် အလုပ်မရှိဘူးလို့ ထင်နေကြတုန်းပဲ" လို့ သူက ပြောပါတယ်။ အမေးလ်ခန်းဟာ နယူးဒေလီမှာ ဇနီးနဲ့သမီးမရှိဘဲ တစ်ယောက်တည်းကျန်နေခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီးနဲ့သမီးက lockdown မတိုင်မီ ဆွေမျိုးများရှိရာ ကျေးရွာကို အလည်အပတ် သွားရောက်ခဲ့ကြရာမှ lockdown ကာလဖြစ်နေတာကြောင့် နယူးဒေလီကို ပြန်မလာနိုင်ခဲ့ကြပါဘူး။

အမေးလ်ခန်းဟာ လူနာတင်ယာဥ်မောင်းအလုပ်ဖြင့် တစ်လလျှင် ရူပီး ၁၇,၀၀၀ (မြန်မာကျပ်ငွေ ၃၁၀,၀၀၀) ရရှိနေခဲ့ရာ အလုပ်မရှိတာထက် ပိုမိုအဆင်ပြေနေခဲ့ပါတယ်။ သို့သော် ထိုဝင်ငွေကလည်း အန္တရာယ်တွေအတွက် မတန်ဘူးလို့ သူကဆိုပါတယ်။ "ဒီအလုပ်အတွက် ဒီဝင်ငွေက မလုံလောက်ပါဘူး၊ ကျွန်တော် စိတ်ပျက်မိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အခြား ရွေးချယ်စရာ ဘာများရှိမှာလဲ" လို့ အမေးလ်ခန်းက ဖွင့်ဟခဲ့ပါတယ်။

အမေးလ်ခန်းရဲ့ တစ်နေကုန်က ဆေးရုံ ရေခဲတိုက်၊ သုသာန်နဲ့ မီးသင်္ဂြုဟ်စက်ကြား လှည့်ပတ်သွားနေရတာပဲ ဖြစ်ပါတယ်။ ကြားအချိန်တွေကတော့ အပူရှိန်ပြင်းပြင်းအောက်မှာ အချိန်ကြာရှည် စောင့်ဆိုင်းရင်း၊ အခြား ယာဥ်မောင်းတွေ ရေခဲတိုက်ဝန်ထမ်းတွေနဲ့အတူ လက်ဖက်ရည်သောက်၊ စီးကရက်သောက်ရင်းနဲ့သာ ကုန်လွန်ပါတယ်။

ကျွန်တော် စိတ်ပျက်မိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အခြား ရွေးချယ်စရာ ဘာများရှိမှာလဲ

အလုပ်မှာကြာလာတာနဲ့အမျှ အတွေ့အကြုံရှိလာတဲ့ အမေးလ်ခန်းက အလောင်းကိုသယ်ယူပြီး ပုံမှန်ထက် နှစ်ဆပိုနက်တဲ့ကျင်းထဲသို့ မည်သို့ထည့်ရမယ်ဆိုတာ ကွယ်လွန်သူရဲ့ ဆွေမျိုးတွေကို သင်ကြားပေးခဲ့တာလည်း ရှိပါတယ်။ အမေးလ်ခန်းရဲ့ လူနာတင်ယာဥ်က အလောင်းနှစ်လောင်းသာဆံ့ပေမဲ့ အလောင်းခြောက်လောင်းအထိ စုပုံထပ်လျက် သယ်ဆောင်ပေးခဲ့ဖူးပါတယ်။ COVID-19 ကြောင့် သေဆုံးသွားသူနဲ့ သူတို့ရဲ့ ဆွေမျိုးတွေကို နေ့စဥ်နဲ့အမျှ မြင်တွေ့နေခဲ့ရတဲ့ အမေးလ်ခန်းက သူသာ တစ်ခုခုဖြစ်ပါက ဇနီးသည် ရူဘီနဲ့ သမီးလေး ဟမ်ဒါတို့ ဘာလုပ်ကြမလဲ? သူတို့ကို ဘယ်သူ စောင့်ရှောက်မလဲ? ဆိုတာ မရေမရာ တွေးနေမိပါတယ်။

(Rueters မှာ ဖော်ပြထားတဲ့ Alasdair Pal နဲ့ Danish Siddiqi တို့ရဲ့ Taxi driver turns hearse driver as coronavirus cases in India spike သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က