မနီလာမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ပြည်နယ်လေးကို သီတင်းနှစ်ပတ်ကြာ lockdown ပြန်လုပ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေမှာ COVID-19 ကူးစက်မှုများအနက် ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ကျော်လွန်ပြီး ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဩဂုတ် ၆ ရက်) ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာသစ် ၃,၅၆၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၁၁၉,၄၆၀ ရှိလာခဲ့ရာ ယခင် ကူးစက်မှုအများဆုံး တွေ့ရှိထားရတဲ့ အင်ဒိုနီးရှားမှာထက် ပိုများလာခဲ့ပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ ဖိလစ်ပိုင်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၁၅၀ ဦး ဖြစ်လာခဲ့ပါတယ်။



ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးလျှင် COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်းလည်း သိရပါတယ်။ ဖိလစ်ပိုင်မှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် မနီလာမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ပြည်နယ်လေးခုကို အင်္ဂါနေ့ (ဩဂုတ် ၄ ရက်) မှစပြီး တင်းကျပ်တဲ့ lockdown အစီအမံများ သီတင်းနှစ်ပတ်ကြာ ပြန်သတ်မှတ်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

အစိုးရက မနီလာမြို့တော်ဧရိယာနဲ့ Laguna, Cavite, Rizal နဲ့ Bulaan ကဲ့သို့ နေရာတွေကို "Modified Enhanced Community Quarantine" လို့ သတ်မှတ်ခေါ်ဝေါ်တဲ့ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်ထားပါတယ်။ ဩဂုတ် ၄ ရက်နေ့ ထုတ်ပြန်မှုအရ ဖိလစ်ပိုင်မှာ အတည်ပြုလူနာ ၆,၃၅၂ ဦး တိုးလာခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေအနက် နေ့အလိုက် COVID-19 ကူးစက်မှုအသစ် စံချိန်တင်ခဲ့ပါသေးတယ်။

COVID-19 ကူးစက်မှုအသစ်များ တစ်ဟုန်ထိုး မြင့်တက်နေမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနိုင်ကြောင်း ဆရာဝန် ၈၀,၀၀၀ နဲ့ သူနာပြု ၁ သန်းကို ကိုယ်စားပြုတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၈၀ က ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်ဆောင်ရွက်ရေး သသမ္မတဒူတာတေးကို ဩဂုတ် ၁ ရက်နေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

(Photo: AFP)

ထိုနောက်ပိုင်းမှာတော့ မနီလာမြို့တော်နဲ့ ပတ်ဝန်းကျင်ရှိ ပြည်နယ်လေးခုမှာ နေထိုင်ကြတဲ့ လူဦးရေ ၂၇ သန်းကျော်ကို ကန့်သတ်ချက်အသစ်များနဲ့ သီတင်းနှစ်ပတ်ကြာ lockdown လုပ်ထားခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှု သိန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ယနေ့အထိ စာရင်းတွေအရ အင်ဒိုနီးရှားနိုင်ငံမှာလည်း ကူးစက်ခံရသူ ၁၁၈,၇၅၃ ဦးနဲ့ သေဆုံးသူ ၅,၅၂၁ ဦးရှိခဲ့ပြီး အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ယခင်က ကူးစက်မှုထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း ဒါနန်းမြို့မှာ စတင်ခဲ့တဲ့ တစ်ကျော့ပြန် ကူးစက်မှုတွေ လတ်တလော တွေ့ရှိနေရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၆ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၅၇ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၃၀၈ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၈ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၂၂,၂၉၀ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၈၈၉ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က