အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် COVID-19 ကူးစက်မှု ၁၀၀,၀၀၀ ကျော် အတည်ပြုတွေ့ရှိရတဲ့နိုင်ငံ နှစ်နိုင်ငံရှိလာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အရှေ့တောင်အာရှမှ ဖိလစ်ပိုင်နိုင်ငံမှာ ယ‌နေ့ (ဩဂုတ် ၂ ရက်) ထုတ်ပြန်မှုအရ ကူးစက်ခံသူ နောက်ထပ် ၅,၀၃၂ ဦး တိုးလာခဲ့ပြီး စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁၀၃,၁၈၅ ဦး ရှိလာခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ကူးစက်ခံရသူ အရေအတွက်ဟာ တစ်ရက်အတွင်း အများဆုံး တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။



ယနေ့ထုတ်ပြန်မှုအရ ဖိလစ်ပိုင်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၀ ဦး တိုးလာခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၂,၀၅၉ ဦး ရှိလာခဲ့ပါတယ်။ ဖိလစ်ပိုင်ကဲ့သို့ပင် အင်ဒိုနီးရှားဟာလည်း COVID-19 ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော် တွေ့ရှိရတဲ့ အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။ ယနေ့ညပိုင်းအထိ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ ၁၁၁,၄၅၅ ဦးနဲ့ သေဆုံးသူ ၅,၂၃၆ ဦးရှိကြောင်း သိရပါတယ်။

(Photo: AP)

အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဟာ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ ထိုအတောအတွင်း အစောပိုင်း COVID-19 ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးမှုမရှိခဲ့တဲ့ ဗီယက်နမ်မှာ ကူးစက်မှုများ ပြန်တွေ့လာရကာ သေဆုံးမှုတွေလည်း ရှိလာခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့မှာ ကူးစက်မှုတွေ ပြန်တွေ့လာရပြီးနောက် ယနေ့ညပိုင်းအထိ ဗီယက်နမ်မှာ ကူးစက်ခံရသူ ၆၂၀ ဦးနဲ့ သေဆုံးသူ ၆ ဦးအထိရှိခဲ့ကြောင်း Worldometers က ဖော်ပြထားပါတယ်။

ဒါနန်းမြို့မှာ တစ်ကျော့ပြန်တွေ့ရတဲ့ COVID-19 ကူးစက်မှု မူလရင်းမြစ်ကို ခြေရာခံရှာဖွေရန် ခက်ခဲနေခဲ့တယ်လို့လည်း ဗီယက်နမ်အာဏာပိုင်တွေက ယနေ့ ပြောပါတယ်။ ကူးစက်မှုအသစ် ပထမဆုံး ပြန်တွေ့ရတဲ့ ဒါနန်းမြို့ကို တင်းကျပ်တဲ့ lockdown အစီအမံများဖြင့် အသွားအလာ ပိတ်ပင်ကန့်သတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၂ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာသစ် မတွေ့ခဲ့ရပါဘူး။

လက်ရှိအချိန်အထိ မြမာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၃၅၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၉၇ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၂ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၁၈,၁၂၇ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၈၁၉ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က