ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားက သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်ခံရသူ ၃၆၇,၅၉၀ ဦးရှိလာကြောင်း ယမန်နေ့ (ဩဂုတ် ၁၆ ရက်) ညပိုင်းအထိ ကိန်းဂဏန်းအချက်အလက်တွေအရ သိရှိရပါတယ်။

ယမန်နေ့အထိ အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၈,၉၉၃ ဦးနဲ့ ပြန်လည်သက်သာသူ ၂၃၀,၅၂၂ ဦးရှိခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားက သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ ယမန်နေ့ ထုတ်ပြန်မှုတွေအရ ဖိလစ်ပိုင်မှာ ကူးစက်ခံရသူ ၃,၄၂၀ ဦးနဲ့ သေဆုံးသူ ၆၅ ဦးတိုးလာခဲ့ရာ စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁၅၇,၉၁၈ ဦးနဲ့ သေဆုံးသူဦးရေ ၂,၆၀၀ ရှိလာခဲ့ပါတယ်။



အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ နောက်ဆုံး ထုတ်ပြန်ထားမှုတွေအရ အင်ဒိုနီးရှားမှာ အတည်ပြုလူနာ ၂,၀၈၁ ဦးနဲ့ သေဆုံးသူ ၇၉ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၃၉,၅၄၉ ဦးနဲ့ သေဆုံးသူ ၆,၁၅၀ ဦးအထိ ရှိလာခဲ့ပါတယ်။

ထိုအတောအတွင်း အစောပိုင်း ကူးစက်မှုတွေကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးမှုမရှိခဲ့တဲ့ ဗီယက်နမ်မှာလည်း ဇူလိုင်လအတွင်း နိုင်ငံအလယ်ပိုင်းရှိ ဒါနန်းမြို့မှာ ကူးစက်မှုအသစ်များ ပြန်တွေ့လာရပြီး သေဆုံးမှုတွေလည်း သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ ဩဂုတ် ၁၆ ရက် ညပိုင်းအထိ သိရှိရတဲ့ စာရင်းတွေအရ ဗီယက်နမ်မှာ COVID-19 ကူးစက်ခံရသူ ၉၆၂ ဦးနဲ့ သေဆုံးသူ ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ ကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ စင်ကာပူနိုင်ငံမှာတော့ ဩဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်မှုအရ ကူးစက်ခံရသူအသစ် ၈၆ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၅၅,၇၄၇ ဦးနဲ့ သေဆုံးသူ ၂၇ ဦးရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှဒေသတွင်းမှာ နေ့စဥ် COVID-19 ကူးစက်မှုများ ထောင်ဂဏန်းအရေအတွက် တိုးလာနေဆဲဖြစ်တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလော ကိုဗစ်အခြေအနေ

မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက် ည ၈ နာရီအချိန် ထုတ်ပြန်မှုအရ ကူးစက်ခံရသူတစ်ဦး တိုးလာခဲ့ပြီး စုစုပေါင်း COVID-19 အတည်ပြုလူနာ ၃၇၅ ဦး ရှိလာခဲ့ပါတယ်။ အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း သိရပါတယ်။

၎င်းဟာ COVID-19 အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့ခြင်းမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိခဲ့ရာ မြန်မာနိုင်ငံမှာ တစ်လကြာပြီးနောက် ပြည်တွင်းကူးစက်မှု ပြန်တွေ့လာရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ COVID-19 အခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက်မှုဒုတိယလှိုင်းကို သတိထားကြရန် ဩဂုတ် ၁၅ ရက်နေ့မှာ ပန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှု ပထမလှိုင်းကျရောက်ခဲ့ရာမှာ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ပါက သေးငယ်သောလှိုင်းသာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကူးစက်ကပ်ရောဂါထိန်းချုပ်မှု နိယာမများနဲ့ COVID-19 ဗိုင်းရပ်စ်ပိုးရဲ့ ပြောင်းလဲလျက်ရှိတဲ့ အပြုအမူသဘောသဘာဝ၊ ကူးစက်ဖြစ်ပွားမှုပုံသဏ္ဌာန်တို့ကို နောက်ခံထားပြီး စဉ်းစားပါက ဒုတိယလှိုင်းဟာ ကြီးမားနိုင်ပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ခတ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ကူးစက်မှုဒုတိယလှိုင်းဖြစ်လာပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) များကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို သေချာစွာ စနစ်တကျလိုက်နာကြရန်နဲ့ မပေါ့လျော့ကြရန် ဝန်ကြီးဌာက ပန်ကြားချက်မှာ ပြောထားပါတယ်။ ယနေ့ (ဩဂုတ် ၁၇ ရက်) မနက် ၈ နာရီအချိန် ထုတ်ပြန်ရာမှာတော့ COVID-19 အတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ပြောထားပါတယ်။

.

Share

Loading Next Article...
က္က