တစ်လအတွင်း ကူးစက်မှုအသစ် နောက်ထပ် ၂၀၀,၀၀၀ ကျော် တိုးလာခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၅၇၀,၅၄၃ ဦး ရှိလာကြောင်း ယနေ့ (စက်တင်ဘာ ၁၆ ရက်) မနက်အစောပိုင်းအထိ ကိန်းဂဏန်းအချက်အလက်တွေအရ သိရှိရပါတယ်။

(Photo: Htar Htar Wai/Duwun)

လက်ရှိအချိန်အထိ အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၁၃,၉၁၈ ဦးနဲ့ ပြန်လည်သက်သာသူ ၃၈၀,၆၇၀ ဦးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့အထိ စာရင်းတွေအရ အရှေ့တောင်အာရှမှာ ကူးစက်ခံရသူ စုစုပေါင်း ၃၆၇,၅၉၀ ဦးရှိခဲ့ရာ တစ်လအတွင်း ကူးစက်မှုအသစ် နောက်ထပ် ၂၀၀,၀၀၀ ကျော် တိုးလာခဲ့တာလည်း တွေ့ရပါတယ်။



သေဆုံးသူအရေအတွက်မှာကတော့ လွန်ခဲ့တဲ တစ်လမှာ ၈,၉၉၃ ဦးဖြစ်ရာ သေဆုံးသူ နောက်ထပ် ၄,၉၂၅ ဦး တိုးလာခဲ့ပါတယ်။ ဩဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၆ ရက် မနက်ညပိုင်းအထိ စာရင်းတွေအရ ဒေသတွင်းမှာ COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ နောက်ထပ် ၂၀၀,၀၀၀ ကျော် ရှိလာခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၆၉,၀၀၀ ကျော် တွေ့ရှိထားပါတယ်။ ဖိလစ်ပိုင်ပြီးလျှင် အင်ဒိုနီးရှားက ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၂၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ထို့နောက် စင်ကာပူက ကူးစက်ခံရသူ ၅၇,၀၀၀ ကျော်၊ မလေးရှားက ၉,၉၀၀ ကျော်နဲ့ မြန်မာက ၃,၅၀၂ ဦးဖြင့် အရှေ့တောင်အာရှရဲ့ COVID-19 ကူးစက်မှုအများဆုံး ငါးနိုင်ငံစာရင်းမှာ အစဥ်လိုက် ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်ပိုင်းမှစပြီး ပြည်တွင်းကူးစက်မှု အများစုအပါအဝင် ကူးစက်မှုများ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တစ်လကြာပြီးနောက် ဩဂုတ် ၁၆ ရက်နေ့မှ ပထမဆုံး ပြည်တွင်းကူးစက်မှု ပြန်တွေ့ရတာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနက ယနေ့ မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ နောက်ထပ် ၁၃၄ ဦး တိုးလာခဲ့ပြီး မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ စုစုပေါင်း ၃,၆၃၆ ဦးရှိလာခဲ့ပါတယ်။ ယခုအခါ မြန်မာက အိမ်နီးချင်း ထိုင်းနိုင်ငံကိုကျော်လွန်ပြီး ဒေသတွင်း ပဥ္စမမြောက် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ယနေ့ မနက်ပိုင်းအထိ ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း ဩဂုတ်လလယ်မှစပြီး သိသိသာသာ တိုးလာခဲ့ကာ စုစုပေါင်း ၃၉ ဦးရှိလာပါတယ်။ အစောပိုင်း ကူးစက်မှု ပထမလှိုင်းကာလအတွင်း မြန်မာနိုင်ငံမှာ သေဆုံးသူ ၆ ဦးသာရှိခဲ့ရာ ဩဂုတ်လလယ်မှစပြီး နောက်ထပ် ၃၃ ဦးအထိ တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံဟာ အင်ဒိုနီးရှားဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၈,၉၆၅ ဦးရှိခဲ့ပါတယ်။ ဖိလစ်ပိုင်ကတော့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ လူဦး‌ရေ ၄,၆၆၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ လတ်တလော ရက်များအတွင်း နေ့စဥ် ကူးစက်မှုအသစ် ထောင်ဂဏန်းအရေအတွက် တိုးနေခဲ့ပြီး အင်ဒိုနီးရှားမှာ နေ့စဥ် ကူးစက်ခံရသူ ၃,၀၀၀ အထက် တိုးနေခဲ့တာ အနည်းဆုံး သီတင်းတစ်ပတ်ရှိပြီလို့ ဆိုပါတယ်။

မြန်မာရဲ့ နေ့အလိုက် ကူးစက်မှုအသစ် တွေ့ရှိရမှုဟာ ရာဂဏန်းအရေအတွက် တိုးနေခဲ့ပြီး လတ်တလော အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။ ထိုအတောအတွင်း စင်ကာပူနဲ့ မလေးရှားတို့မှာတော့ နေ့စဥ် ကူးစက်ခံမှုအသစ် ဆယ်ဂဏန်း အရေအတွက်မျှရှိကြောင်း သိရပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ယခုသီတင်းပတ်အတွင်း နေ့စဥ် ကူးစက်မှုအသစ် ဂဏန်းတစ်လုံး အရေအတွက်သာ တွေ့ရှိနေရပါတယ်။ အရှေ့တောင်အာရှရှိ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ အရှေ့တီမော နိုင်ငံတွေမှာတော့ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုအသစ်များ မတွေ့ရှိရပါဘူး။

အရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 အခြေအနေ

• ဖိလစ်ပိုင် - (ကူးစက် - ၂၆၇,၄၀၇၊ သေဆုံး - ၄,၆၆၃၊ ပြန်လည်သက်သာ - ၂၀၇,၅၀၄)

• အင်ဒိုနီးရှား - (ကူးစက် - ၂၂၅,၀၃၀၊ သေဆုံး - ၈,၉၆၅၊ ပြန်လည်သက်သာ - ၁၅၈,၄၀၅)

• စင်ကာပူ - (ကူးစက် - ၅၇,၄၈၈၊ သေဆုံး - ၂၇၊ ပြန်လည်သက်သာ - ၅၆,၈၈၄)

• မလေးရှား - (ကူးစက် - ၉,၉၆၉၊ သေဆုံး - ၁၂၈၊ ပြန်လည်သက်သာ - ၉,၂၀၃)

• မြန်မာ - ကူးစက် - ၃,၆၃၆၊ သေဆုံး - ၃၉၊ ပြန်လည်သက်သာ - ၈၃၂)

• ထိုင်း - (ကူးစက် - ၃,၄၈၀၊ သေဆုံး - ၅၈၊ ပြန်လည်သက်သာ - ၃,၃၁၂)

• ဗီယက်နမ် - (ကူးစက် - ၁,၀၆၃၊ သေဆုံး - ၃၅၊ ပြန်လည်သက်သာ - ၉၂၆)

• ကမ္ဘောဒီးယား - (ကူးစက် - ၂၇၅၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၂၇၄)

• ဘရူနိုင်း - (ကူးစက် - ၁၄၅၊ သေဆုံး - ၃၊ ပြန်လည်သက်သာ - ၁၃၉)

• အရှေ့တီမော - (ကူးစက် - ၂၇၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၆)

• လာအို - (ကူးစက် - ၂၃၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၂)

စုစုပေါင်း အရေအတွက် - (ကူးစက် - ၅၇၀,၅၄၃၊ သေဆုံး - ၁၃,၉၁၈၊ ပြန်လည်သက်သာ - ၄၃၇,၅၂၇)

(စက်တင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် မနက်ပိုင်းအထိ သိရှိရတဲ့ သတင်းအချက်အလက်များအရဖြစ်ပြီး ကိန်းဂဏန်းအပြောင်းအလဲ ရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က