အီဂျစ်နိုင်ငံမှာ ရာစုနှစ်တစ်ခုကျော်အတွင်း အလားတူ ရှာဖွေတွေ့ရှိမှုများအနက် အကြီးမားဆုံး တွေ့ရှိရမှုအဖြစ် နှစ်ပေါင်း ၃,၀၀၀ သက်တမ်းရှိနိုင်ပြီး မံမီရုပ်အလောင်းများထည့်သွင်းထားတဲ့ ရှေးခေတ်သစ်သားအခေါင်း ၃၀ ကို တွေ့ရှိခဲ့ရပါတယ်။
(ထုတ်ဖော်ပြသထားသည့် ရှေးခေတ်သစ်သားအခေါင်းတစ်ခု) (Photo: Reuters)
အီဂျစ်ရှေးဟောင်းသုတေသီတွေ နိုင်ငံတောင်ပိုင်း လူဇာမြို့ရဲ့ အနောက်ဘက်ကမ်းခြေရှိ Al-Asasif သချႋုင်းနေရာမှာ ဆေးရောင်ခြယ်ထားတဲ့ အဆိုပါ ရှေးခေတ်သစ်သားအခေါင်းတွေကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာနက အင်္ဂါနေ့ (အောက်တိုဘာ ၁၅ ရက်) ပြောကြားထားခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးများအတွက် စီစဉ်ပြုလုပ်ထားတဲ့ ထိုရှေးခေတ်အခေါင်းတွေကို ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) မှာ အသေးစိတ်သိရှိနိုင်ရန် ဖွင့်ကြည့်ခဲ့ကြောင်း သိရပါတယ်။
(သစ်သားအခေါင်းထဲမှ မံမီရုပ်အလောင်းကို တွေ့ရစဉ်) (Photo: Reuters)
"ဒါက ၁၉ ရာစုနှစ် နှစ်ကုန်ပိုင်းကတည်းက အခုအချိန်အထိ လူသားအခေါင်းတွေ အများဆုံးတွေ့ရှိရမှု ဖြစ်ပါတယ်" လို့ အီဂျစ်ရှေးဟောင်းပစ္စည်းများဆိုင်ရာဝန်ကြီး Khaled El-Enany က အခေါင်းများဖွင့်ပြီး စစ်ဆေးကြည့်ရှုစဉ် ပြောခဲ့ပါတယ်။
ရှုပ်ထွေးတဲ့ ပန်းပုလက်ရာနဲ့ ဆေးရောင်ခြယ်ထားတဲ့ ရှေးခေတ်သစ်သားအခေါင်းတွေနဲ့ အတွင်းမှာရှိနေတဲ့ မံမီရုပ်အလောင်းတွေရဲ့ အခြေအနေဟာ မပျက်စီးဘဲ အကောင်းပကတိရှိနေဆဲ တွေ့ရတယ်လို့ ရှေးဟောင်းပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
(ရှေးခေတ်သစ်သားအခေါင်းများကို ခင်းကျင်းပြသထားစဉ်) (Photo: Reuters)
အဆိုပါ သစ်သားအခေါင်းတွေဟာ ဘီစီ ၁၀ ရာစုခေတ် ၂၂ ဆက်မြောက် ဖာရိုမင်းဆက် အုပ်ချုပ်ခဲ့စဉ်အချိန်က ဖြစ်တယ်လို့ ရှေးခေတ်အခေါင်းများ ရွှေ့ပြောင်းရေးအဖွဲ့ခေါင်းဆောင် Mostafa Waziri က ပြောပါတယ်။ ရှေးခေတ်သစ်သားအခေါင်းတွေကို လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ပြီးနောက် Grand Egyptian ပြတိုက်ရှိ ပြခန်းတစ်ခုသို့ ရွှေ့ပြောင်းထားရှိမယ်လို့ သိရပါတယ်။
(ရှေးခေတ်သစ်သားအခေါင်းများကို တွေ့ရှိခဲ့ရစဉ်) (Photo: AP)
Giza ပိရမစ်ဘေးရှိ Grand Egyptian ပြတိုက်ကို လာမယ့်နှစ်မှာ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြောထားပါတယ်။ အီဂျစ်နိုင်ငံ လူဇာမြို့ဧရိယာအတွင်း အနောက်ဘက်တောင်ကြားလည်း ရှေးဟောင်းသုတေသနဆိုင်ရာ နေရာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
Source: Reuters, CBS News