ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေရေးလုပ်ဆောင်ရာမှာ နှောင့်နှေးမှုကြုံနေရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး တောင်ပေါ်မှာ တောင်တက်သမား ၈ ဦး ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေကြတယ်လို့ သိရပါတယ်။

(အိန္ဒိယတောင်တန်းများကို တွေ့ရစဉ်) (Photo: AFP)

အရေးပေါ် ရှာဖွေကယ်ဆယ်ရေးသမားတွေက ဇွန် ၁ ရက်မှာ ရာသီဥတုဆိုးရွားမှုကို ရင်ဆိုင်ကာ ပျောက်ဆုံးနေတဲ့ တောင်တက်အဖွဲ့ကို ရှာဖွေခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံမှ လေးဦးပါဝင်တဲ့ အဆိုပါ တောင်တက်သမားအဖွဲ့က ဟိမဝန္တာတောင်တန်းဒေသ အိန္ဒိယနိုင်ငံရှိ အမြင့်ပပေါင်း ၂၅,၆၄၃ ရှိတဲ့ Nanda Devi East တောင်ကို မေ ၁၃ ရက်မှာ စတင်တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။



ထိုအဖွဲ့ဟာ တောင်ခြေစခန်းကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြန်ဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် တောင်တက်အဖွဲ့ဟာ Munsiyari တောင်ခြေစခန်းကို ပြန်ရောက်လာခဲ့ကြခြင်း မရှိဘဲ ပျောက်ဆုံးနေပါတယ်။ တောင်တက်အဖွဲ့ကို အတွေ့အကြုံရင့် ဗြိတိသျှတောင်တက်သမား မာတင်မိုရန် (Martin Moran) က ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

(အတွေ့အကြုံရင့် ဗြိတိသျှတောင်တက်သမား မာတင်မိုရန်) (Photo: Moran Mountain/Facebook)

မာတင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်များစာရင်းမှာ ၂၃ ခုမြောက်ဖြစ်တဲ့ Nanda Devi East ကို ယခင်က အကြိမ်အချို့ အောင်မြင်စွာတက်ရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

"တောင်တက်သမားတွေ အခြေစိုက်စခန်းကို ပြန်ရောက်မလာခဲ့ပြီးနောက်ပိုင်း သူတို့ကို လိုက်လံရှာဖွေနေပါတယ်၊ ဒါပေမဲ့ ရာသီဥတုဆိုးရွားတာက ရှာဖွေရေးကို နှောင့်နှေးစေပါတယ်" လို့ Nanda Devi East တောင် တည်ရှိရာ Pithoragarh ခရိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Vijay Kumar Jogdande က ပြောပါတယ်။

(အမြင့်ပေ ၂၅,၆၄၃ ရှိ Nanda Devi East တောင် မြင်ကွင်းတစ်ခု) (Photo: Getty Images)

တောင်တက်သမားအုပ်စုဟာ မေ ၂၆ ရက်မှာ တောင်ခြေနေရာရှိ အခြေစိုက်စခန်းကို ပြန်ရောက်ရမှာဖြစ်ပေမဲ့ ပြန်ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ ထို့နောက် ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ Nanda Devi East တောင်နေရာမှာ မိုးသည်းထန်စွာရွာပြီး ဆီးနှင်းများလည်း ကျဆင်းနေခဲ့မှုဟာ တစ်ပတ်ကြာခဲ့ပြီဖြစ်ပြီး လေကြောင်းကနေ ရှာဖွေရန် နှောင့်နှေးနေတယ်လို့ Vijay Kumar Jogdande က ပြောပါတယ်။

(ဟိမဝန္တာတောင်တန်းဒေသမှာတွေရသည့် တောင်တက်သမားများ) (Photo: Getty Images)

တောင်တက်အဖွဲ့ကို ဦးဆောင်သူ မာတင်ရဲ့ မေ ၂၂ ရက် Facebook ပို့စ်တစ်ခုမှာတော့ ၎င်းတို့အုပ်စုဟာ ယခင်က မတက်ခဲ့ဖူးတဲ့ တောင်ထိပ်နေရာကို တက်ရောက်ဖွယ်ရှိတယ်လို့ ရေးသားထားမှုကို စုံစမ်းရှာဖွေနေသူတွေက တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ရာနဲ့ချီတဲ့ တောင်တက်သမားတွေက ဟိမဝန္တာတောင်တန်းဒေသရှိ တောင်များကိုတက်ရောက်ရန် အိန္ဒိယသို့ လာရောက်လေ့ရှိကြပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကမ္ဘာ့တတိယအမြင့်ဆုံးဖြစ်တဲ့ Kangchenjunga တောင်အပါအဝင် အမြင့်ပေ ၂၂,၉၀၀ အထက်ရှိတဲ့ တောင် ၁၀ လုံးရှိကြာင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က